Border News Agency
ထိုင်း၊ စက်တင်ဘာ ၅။
ထိုင်း-မြန်မာနယ်စပ်၊ မဲအိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးတွေသယ်ဆောင်လာကြောင်းသတင်းအရ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ၅ ရက်၊ဒီနေ့မှာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မူးယစ်ဆေးပြားတသန်းနီးပါးဖမ်းဆီးရမိခဲ့ပါတယ်။
မဲအိုင်မြို့နယ်၊မဲအိုင်ကျေးရွာအုပ်စုအတွင်း ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေချိန် မသင်္ကာဖွယ် Toyota Tiger အမျိုးအစား မော်တော်ယာဉ်တစီးကို တားဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။
မော်တော်ယာဉ်ကိုစစ်ဆေးရာမှ သူ့ယာဉ်ပေါ်မှာသယ်ဆောင်လာတဲ့ ဆာလာအိတ်ငါးအိတ်အတွင်းမှ မူးယစ်ဆေးပြားအရေအတွက် တသန်းခန့်ကိုရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါးတွေနဲ့အတူ မော်တော်ယာဉ်မောင်းနှင်သူ အမျိုးသားတဦးကိုလည်း အခင်းဖြစ်ပွားရာနေရာမှာပင်ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ တရားခံနဲ့မူးယစ်ဆေးဝါးတွေကို ဥပဒေအတိုင်းအရေးယူဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးထားပါတယ်။











