Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၀။
ကျောက်တော်မြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးထားချိန်ထွက်ပြေးလွတ်မြောက်သွားတဲ့ သက်ငယ်မုဒိမ်းမှုတရားခံကို ပြန်လည်ဖမ်းဆီးပေးခဲ့သူသုံးဦးကို အာရက္ခအစိုးရက ဩဂုတ်လ ၁၉ ရက်နေ့ မှာ ဆုငွေချီးမြှင့်လိုက်ပါတယ်။
အသက်လေးဆယ်ခြောက်နှစ်အရွယ် မုဒိမ်းမှုတရားခံမောင်အေးလှဟာ ဩဂုတ်လ ၁၈ ရက်၊မနက်ပိုင်းက အချုပ်မှထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီထွက်ပြေးသွားတဲ့တရာခံကို သတင်းပေးပို့ခဲ့သူညောင်ချောင်းရွာမှ မောင်မျိုးဟိန်းကျော်ကို ကျပ်သုံးသိန်းနဲ့အတူ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူနှစ်ဦးကို ကျပ်နှစ်သိန်းစီချီးမြှင့်ခဲ့တာပါ။
အဲဒီတရားခံဟာ အသက်ဆယ့်လေးနှစ်အရွယ် မိန်းကလေးငယ်ကို အတင်းအဓမ္မပြုကျင့်ခဲ့သလို အသက်ရှစ်နှစ်အရွယ်ကလေးငယ်ကိုလည်း လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဇူလိုင်လ ၂၉ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်နေ့ကလည်း စစ်တွေခရိုင်အကျဉ်းထောင်မှ ထွက်ပြေးသွားတဲ့မုဒိမ်းမှုတရားခံကို ပြန်လည်ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း အာရက္ခအစိုးရက ဂုဏ်ပြုငွေကျပ်ဆယ်သိန်းချီးမြှင့်ခဲ့ပါသေးတယ်။
အာရက္ခအစိုးရအနေနဲ့ အခုလိုတာဝန်သိစိတ်နဲ့ တရားခံတွေကိုဖမ်းဆီးအပ်နှံပေးမယ့်ပြည်သူတွေကို နောက်နောင်မှာလည်း ထိုက်ထိုက်တန်တန် ဆက်လက်ဆုငွေချီးမြှင့်သွားမယ်လို့ဆိုပါတယ်။

















