Border News Agency
ရေကြည်၊ ဩဂုတ် ၂၈။
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ဒယ်ကုန်းကျေးရွာမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတာဟာ ဒီနေ့ဆိုရင် ၂၉ ရက်ထိကြာလာခဲ့ပြီဖြစ်ပေမယ့် ရေပြန်မကျသေးဘဲ ဒေသခံတွေဒုက္ခရောက်နေကြပါတယ်။
နေအိမ်တွေ၊လမ်းတွေနဲ့ စာသင်ကျောင်းတွေပါ ရေမြုပ်နေတာကြောင့် အိမ်ထဲမှာနေလို့မရတော့ဘဲ နေ့စဉ်ဘဝပိတ်မိနေကြရသလို သောက်သုံးရေသန့်နဲ့ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတာပါ။
“အစပိုင်းကခဏနဲ့ကျသွားမယ်ထင်တာ။ ခုဆို ၂၉ ရက်တိုင်လာပြီရေကမကျသေးဘူး။ အိမ်မှာလည်းနေလို့မရ၊အိပ်လို့မရနဲ့ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။” လို့ ဒယ်ကုန်းရွာသားတဦးက ဆိုပါတယ်။
အဲဒီအပြင် ဒေသခံတွေဟာ ညဘက်မှာ ခြင်၊ မြွေနဲ့ ရေစီးအန္တရာယ်တွေကို စိုးရိမ်စွာရင်ဆိုင်နေကြရပြီး ရေရှည်ပိတ်မိနေမှုကြောင့် စိတ်ဓာတ်ကျစရာအခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“လိုင်းပေါ်မှာ သတင်းတွေငြိမ်သွားပေမယ့် ကျမတို့ ဒယ်ကုန်းရွာမှာ ရေဘေးဒုက္ခကမပြီးသေးပါဘူး။ အားလုံးအနေနဲ့ လက်မလွှတ်ဘဲ ဆက်ပြီးကူညီပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။”လို့ ဆိုပါတယ်။
ရေမကျသေးတာကြောင့်ဒေသခံတွေမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာခက်ခဲနေသလို မိုးရာသီရေရှည်ပိတ်မိနေမှုကြောင့် အရေပြားရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေပါ ရင်ဆိုင်လာရနိုင်တယ်လို့ မြေပြင်ကူညီပေးနေသူတွေကဆိုကြပါတယ်။
အဲဒီအပြင် အများပြည်သူနားလည်ထားသလို ရေဘေးဟာသတင်းတိတ်သွားရုံနဲ့ ပြီးဆုံးသွားတာ မဟုတ်ဘဲ ရေမကျသေးသရွေ့ အကူအညီတွေဆက်လက်လိုအပ်နေတာကြောင့် စေတနာရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့လည်း ဒေသခံတွေနဲ့ မြေပြင်အဖွဲ့တွေကတိုက်တွန်းထားပါတယ်။
















