Border News Agency
အာရူးရှား၊ အောက်တိုဘာ ၁၃။
တန်ဇန်းနီးယားနိုင်ငံ၊အာရူးရှားမြို့မှာ ကျင်းပခဲ့တဲ့ (၁၅၃) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံပေါင်းကိုးနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၅ ရက်မှ ၉ ရက်နေ့ထိကျင်းပခဲ့တဲ့ ညီလာခံကာလမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှား၊ နော်ဝေး၊ ကနေဒါ၊ ဘာရိန်းနဲ့ ဩစတြေးလျ နိုင်ငံတို့အပြင် အင်ဒိုနီးရှား၊ ပိုလန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အရှေ့တီမောနိုင်ငံတွေမှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေအတွင်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေ၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး၊ လွတ်မြောက်နယ်မြေတွေရှိ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့ပြီး နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှု အကူအညီပေးပို့ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှု၊ အဓမ္မ စစ်မှုထမ်းခိုင်းစေမှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတုအယောင်လွှတ်တော်ဖွဲ့စည်းကာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေမှုများကိုလည်းတင်ပြခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းကာ ငွေကြေးအရင်းအမြစ် ရှာဖွေနေမှုတွေဟာ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေတာကြောင့် အာဏာသိမ်းစစ်တပ်အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့လည်းတိုက်တွန်းခဲ့ပါတယ်။













