Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၂။
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ခြေလျင်သွားလာသူတွေအနေနဲ့ သတ်မှတ်ထားတဲ့နေရာတွေကနေ လမ်းဖြတ်မကူးရင် အောက်တိုဘာလ ၁၂ ရက်၊ဒီနေ့ကစပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲဒီလမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ မြေအောက်လမ်းတွေ၊ ခုံးကျော်တံတားတွေ၊ လူကူးမျဉ်းကျားတွေနဲ့ သီးသန့်ခွင့်ပြုထားတဲ့ နေရာတွေကနေသာ ဖြတ်ကူးကြရမှာဖြစ်ပါတယ်။
အဲဒီလိုသတ်မှတ်ပေးထားတဲ့ စည်းကမ်းတွေကို လိုက်နာမှု မရှိရင် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ ကျပ် သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်အရေးယူသွားမှာဖြစ်ပါတယ်။
အဲဒီအသိပေး ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလကတည်းက အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းမှာယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်း လိုက်နာရေးအတွက်ဆိုပြီး အစစ်အဆေးတွေတင်းကြပ်ကာ အာဏာသိမ်းစစ်တပ်က ခုလိုစည်းကမ်းထုတ်ပြန်အရေးယူမှုတွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။










