Border News Agency
အဥ္ဇနပူရ၊ အောက်တိုဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အဉ္ဇနပူရမြို့နယ်၊အိုးသည်ကျေးရွာမှာ လယ်သမားတဦး ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့လူသတ်မှုကပြစ်မှုကျူးလွန်သူတရားခံနှစ်ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးအရေးယူထားပါတယ်။
အဲဒီအိုးသည်ကျေးရွာအနီး လယ်ကွင်းထဲမှာရှိတဲ့လယ်တဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က အသက် သုံးဆယ့်ရှစ်နှစ်အရွယ်ဦးကျော်လှ (ခ) မောင်လုံးကြီးဟာ ခန္ဓာကိုယ်အနှံ့ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကိုသေဆုံးသူရဲ့ညီမဖြစ်သူဒေါ်ဝင်းကျော့စိန်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တာကြောင့် သက်ဆိုင်ရာဒီလပ်စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလပ်တာဝန်ရှိသူတွေက သဲလွန်စတွေ စုံစမ်းဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပွားတဲ့ ညက သေဆုံးသူရဲ့ လယ်တဲအနီးကနေအော်ဟစ်သံကြားရတယ်ဆိုတဲ့ထွက်ဆိုချက်တွေအရ သံသယရှိသူလှမောင်သန်း (ခ) ပေါက်စကို အိုးသည်ရွာအနီးရှိ ကွမ်းသီးခင်းတဲမှာ သွားရောက်ဖမ်းဆီးပြီး စစ်ဆေးခဲ့တာပါ။
အဲဒီလှမောင်သန်း (ခ) ပေါက်စနဲ့ ဘေးချင်းကပ် ကွမ်းသီးခင်းစောင့်သူ မင်းသိန်းတို့ နှစ်ဦးဟာ အခင်းဖြစ်တဲ့ညကသေဆုံးသူ ဦးကျော်လှရဲ့တဲမှာ အရက်တူတူသောက်စားရာကနေ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြတာပါတယ်။
အဲဒီလိုစကားများရန်ဖြစ်ရာကနေ လှမောင်သန်းနဲ့ မင်းသိန်းတို့ နှစ်ဦးဟာ ဦးကျော်လှကိုပါလာတဲ့ ဓားရှည်တွေနဲ့ ဝိုင်းဝန်းခုတ်သတ်ပြီး လယ်ကွင်းထဲမှာ ပစ်ထားခဲ့ကြတာ ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ တရားခံနှစ်ဦးလုံးကို အဉ္ဇနပူရမြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ဖို့အတွက် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီအမှုတည်ဆောက်နေပါတယ်။














