Border News Agency
နီပေါ၊ အောက်တိုဘာ ၁၁။
နီပေါနိုင်ငံ၊ ဗုဓီဂဏ္ဍကီမြစ်အတွင်း ရုတ်တရက် အောက်တိုဘာလ ၁၀ ရက်နေ့က ရေကြီးရေလျှံမှုတွေ တက်လိုက်ကျလိုက်ဖြစ်ပေါ်နေတာကြောင့် မြစ်ဝှမ်းတလျှောက်မှာ အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ရေဘေးခန့်မှန်းတွက်ချက်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဂေါရခါဒေသ၊ အာရူးဂါးတ်မှာ မြစ်ရေအမှတ်ဟာ ငါးမီတာခွဲနီးပါးအထိမြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ် ငါးမီတာကိုကျော်လွန်ခဲ့တာဖြစ်ပါတယ်။
မြစ်ကြောင်းအတွင်း ရေစီးဆင်းမှုပိတ်ဆို့တာနဲ့ ပြန်ပွင့်သွားတာတွေ ခဏခဏ ဖြစ်ပေါ်နေတာကြောင့် မြစ်ရေအနိမ့်အမြင့် ရုတ်တရက်ပြောင်းလဲနေတာလို့ ရေဘေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဒါကြောင့် ဗုဓီဂဏ္ဍကီမြစ်ကမ်းတလျှောက်နဲ့ တြိရှူလီမြစ်ဆုံဒေသအထိ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြစ်အနီး မသွားကြဖို့နဲ့ ဘေးကင်းရာ ကုန်းမြင့်ပိုင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြဖို့ သတိပေးထားပါတယ်။
လက်ရှိမှာမြစ်ရေပြန်ကျသွားပေမယ့် ရုတ်တရက် ထပ်မံမြင့်တက်လာနိုင်တာကြောင့် အနီးဝန်းကျင်ရှိ ဒေသခံတွေအနေနဲ့ ဘေးအန္တရာယ်ကို သတိထားကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။
























