Border News Agency
ထိုင်း၊ ဩဂုတ် ၂၈။
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်၊မယ်ပရပ်ကွက်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ထိုင်းနိုင်ငံသားအချို့ကို တရားမဝင်ငွေထုတ်ပေးနေတဲ့ မြန်မာအမျိုးသမီးတဦးကို သြဂုတ်လ ၂၈ ရက်မှာ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအမျိုးသမီးဟာ လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ် တလကို အတိုးနှုန်း ၂၀ ရာခိုင်နှုန်း၊တနှစ်ကို ၂၄၀ ရာခိုင်နှုန်းအထိကောက်ခံကာ တရားမဝင်ငွေချေးပေးနေတာပါ။
ရဲတပ်ဖွဲ့ကသတင်းရရှိပြီးနောက် မဲဆောက်မြို့နယ်တရားရုံးဝရမ်းနဲ့ မဲပရပ်ကွက်ရှိ အမှတ်မရှိနေအိမ်ကို သွားရောက်စစ်ဆေးရာမှ အသက် ၅၁ နှစ်အရွယ် နန်းရီကြည်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
စစ်ဆေးချိန်မှာ ငွေချေးစာရင်းမှတ်စာအုပ် ၃ အုပ်၊ငွေချေးစာချုပ် ၁ အုပ်နဲ့ ထိုင်းဘတ်ငွေ ၆၃,၇၀၀ တို့ကိုသက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
ဒေါ်နန်းရီကြည်ကတော့ ထိုင်းငွေရှင်ဆီမှ နည်းယူကာအတိုးကြီးစားနဲ့ ငွေထုတ်ပေးခဲ့ကြောင်း ဝန်ခံထားပြီး မဲဆောက်ရဲစခန်းက ခွင့်ပြုချက်မရှိဘဲ တရားမဝင်ချေးငွေလုပ်ငန်းလုပ်ကိုင်မှုနဲ့ ဆက်လက် အရေးယူဆောင်ရွက်နေပါတယ်။












