Border News Agency
နီပေါ၊ စက်တင်ဘာ ၁။
နီပေါနိုင်ငံမှာ ရေဘေးသင့်ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို နီပေါတပ်မတော်က ဦးဆောင်ပြီး စက်တင်ဘာလ ၁ ရက်၊ဒီနေ့ မနက် ၁၁ နာရီအထိဝေဟင်မှတဆင့် ပြည်သူနှစ်ဆယ့်သုံးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက်ပိုင်း ဟိုက်ဒရိုလင်းအားလျှပ်စစ် စီမံကိန်းဧရိယာအသီးသီးမှရေဘေးသင့်ပြည်သူ စုစုပေါင်းနှစ်ရာ့ခုနှစ်ဆယ်ကိုးဦးကို အသက်ရှင်ကူညီကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် နိုင်ငံခြားသားပညာရှင်တွေပါဝင်တဲ့ ပူးပေါင်းရှာဖွေရေးအဖွဲ့ဟာ ချိလီမေ၊ လာတန်း၊ အထက်တရီရှူလီ-၁၊ တရီရှူလီ-3A နဲ့ 3B ဟိုက်ဒရို စီမံကိန်းလိုဏ်ဂူတွေအတွင်းသို့ဝင်ရောက်ပြီး ပိတ်မိနေသူတွေကို ပိတ်ဆို့နေတဲ့ ကျောက်တုံးတွေခွဲတာ၊ရေစုတ်ထုတ်တာနဲ့ လေပေးပို့တာတို့ပြုလုပ်ကာ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။
နီပေါတပ်မတော်မှ တပ်ဖွဲ့ဝင်ကိုးထောင်ကျော်ဟာ ရာဆူဝါ၊ နူဝါကုတ်၊ ဒါးဒင်း၊ ချစ်တဝမ်နဲ့ နာဝါပရာစီ အရှေ့ပိုင်းဒေသတွေမှာ ပိတ်မိနေသူတွေကိုရှာဖွေတာ၊လမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်တာနဲ့ ဆေးဝါးကုသပေးတာတွေကိုဆောင်ရွက်နေပါတယ်။
အဲဒီအပြင်ရောဂါဘယကာကွယ်ရေးအတွက် ဓွန်ချဲဈေးနဲ့ဆေးရုံအပါအဝင် အလောင်းစုဆောင်းတဲ့ နေရာတွေကို ပိုးသတ်ဆေးဖျန်းတွေဆောင်ရွက်ထားပြီး ကျန်ရှိတဲ့နေရာတွေကိုလည်း ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။













