Border News Agency
ပဲခူး၊ စက်တင်ဘာ ၂။
ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ကိုးလက်မခန့်ကျော်လွန်နေပြီး လာမယ့်နှစ်ဆယ့်လေးနာရီအတွင်း နောက်ထပ်တပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂ ရက်၊ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။
မိုးဆက်တိုက်ရွာပြီး မြစ်ရေမြင့်တက်မှုကြောင့် ဇိုင်းတောင်၊ဇိုင်းမြောက်နဲ့ မဇင်းစတဲ့ မြေအနိမ့်ပိုင်း ရပ်ကွက်တွေမှာရေဝင်ရောက်နေပြီး ဇိုင်းတောင်ဘက်မှာ လူတရပ်ခန့်အထိ ရေမြင့်တက်နေသလို ရန်ကုန်-ပဲခူး လမ်းမကြီးပေါ်အထိရေကျော်တက်နေပါတယ်။
အဲဒီမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာကြောင့် ပဲခူးမြို့ရှိအခြေခံပညာကျောင်း တဆယ့်သုံးကျောင်းကို ယာယီပိတ်ထားရပါတယ်။
အဲဒီအပြင် စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်ထက်သုံးပေကျော်နဲ့ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် သုံးပေကိုးလက်မကျော်မြင့်တက်နေပါတယ်။
အဲဒါကြောင့်ဒေသခံ လူမှုကူညီရေးအသင်းတွေ အသင့်ပြင်ထားကြသလို မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေကိုလည်း ဘေးလွတ်ရာရှောင်ရှားကြဖို့ သတိပေးထားပါတယ်။










