Border News Agency
ထိုင်း၊စက်တင်ဘာ ၂။
ထိုင်းနိုင်ငံ၊ တရမ်းခရိုင်အတွင်း ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းတွေကနေတဆင့် ဖြန့်ဖြူးဖို့ပြင်ဆင်နေတဲ့ စိတ္တကြွဆေးပြားခုနှစ်သိန်းကိုးသောင်းကျော်နဲ့ ကီတမင်းရှစ်ကီလိုဂရမ်ကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို နိုင်ငံမြောက်ပိုင်းကနေ ပို့ဆောင်ရေးပါဆယ်ဗူးတွေနဲ့ ပုံဖျက်ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းအရ ရဲတပ်ဖွဲ့က ချောပို့ဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီး သွားရောက်ပို့ဆောင်ရာကနေ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးမှုအတွင်း အသက်လေးဆယ့်တနှစ်အရွယ်အမျိုးသားတဦးကို မူးယစ်ဆေးပြားနှစ်သိန်းကိုးသောင်း၊ ကီတမင်းရှစ်ကီလိုဂရမ်အပြင် သက်သေခံပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တာပါ။
အဲဒီနောက် ရဲတပ်ဖွဲ့ကကွန်ရက်တခုလုံးကို ကွင်းဆက်လိုက်လံစုံစမ်းခဲ့ရာမှ အမှတ်လေးရပ်ကွက်မှာရှိတဲ့ နေအိမ်နဲ့ပို့ဆောင်ရေးဂိုဒေါင်တခုထဲကနေ စိတ္တကြွဆေးပြားငါးသိန်းကျော်နဲ့ သေနတ်တလက်ကိုထပ်မံသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူကို တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနဲ့ တရမ်းခရိုင်ရဲစခန်းဆီလွှဲပြောင်းပြီး တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။













