Border News Agency
ထိုင်း၊ စက်တင်ဘာ ၂။
အမေရိကန်ရေတပ်နဲ့ ရေတပ်ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်ငါးထောင်နီးပါးလိုက်ပါလာတဲ့ USS Abraham Lincoln လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်ရှိ လမ်ချဘန်ဆိပ်ကမ်းနဲ့ ကမ်းလွန်ပင်လယ်ပြင်ဆီ စက်တင်ဘာလ ၂ ရက်၊ ဒီနေ့ဆိုက်ကပ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီစစ်သင်္ဘောကြီးဟာ ပင်လယ်ပြင်မှာကိုးလကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂ ရက်ကနေ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ စခန်းချရပ်နားမှာဖြစ်ပါတယ်။
တပ်ဖွဲ့ဝင်တွေအနေနဲ့ စိတ္တဇောင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအနားယူဖို့နဲ့ အင်အားပြန်လည်ဖြည့်တင်းဖို့အတွက် သွားရောက်တာဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း တပ်ဖွဲ့ဝင်တွေဟာ ပတ္တယားမြို့ဆီသွားရောက်အနားယူကြမှာဖြစ်တာကြောင့် မြို့အတွင်းရှိ ဟိုတယ်၊စားသောက်ဆိုင်၊ယာဉ်လိုင်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အမေရိကန် စစ်သည်တွေကိုကြိုဆိုတဲ့ ဆိုင်းဘုတ်တွေစတင်ချိတ်ဆွဲထားကြပါတယ်။
အဲဒီအပြင် အမေရိကန်စစ်သည်တွေ ဝင်ရောက်လည်ပတ်မှုကြောင့် ပတ္တယားမြို့ဆီ ဘတ်ငွေသန်းတရာနီးပါး ရောက်ရှိစီးဆင်းလာမယ်လို့ခန့်မှန်းထားကြပြီး ထိုင်းအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း လုံခြုံရေးအထူးတိုးမြှင့်တင်းကြပ်ထားပါတယ်။















