Border News Agency
အမေရိကန်၊ စက်တင်ဘာ ၂။
အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် လူတဆယ့်တဦးသေဆုံးခဲ့ရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အရှေ့အလယ်ပိုင်းမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကို စက်တင်ဘာ ၂ ရက်၊ဒီနေ့ မနက်အစောပိုင်းကပြန်လည်တိုက်ခိုက်ခဲ့ပြီး ဒီလိုပြုလုပ်မှုအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေ ရှိလာမယ်လို့ သတိပေးလိုက်ပါတယ်။
ဟော်မုဇ်ရေလက်ကြားပဋိပက္ခကနေတဆင့် အရှေ့အလယ်ပိုင်းစစ်အခြေစိုက်စခန်းတွေအထိ စစ်ပွဲကျယ်ပြန့်လာခဲ့ပြီး အီရန်ဘက်က ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့သလို ဘာရိန်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း ဒရုန်းတွေနဲ့ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အီရန်က ပစ်ခတ်လိုက်တဲ့ပဲ့ထိန်းဒုံးကျည် တဆယ်စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဂျော်ဒန်စစ်တပ်က ပြောဆိုထားသလို ကူဝိတ်နိုင်ငံမှာလည်း ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကူဝိတ်စစ်တပ်က ပြန်လည်တုံ့ပြန်ခဲ့တယ်လို့သိရပါတယ်။
အီရန်ဘက်ကသာ လက်တုံ့ပြန်လာရင် ပိုပြီးပြင်းထန်မြန်ဆန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က သတိပေးထားပြီး အီရန်တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့ကို အမေရိကန်ကတိုက်ခိုက်ခဲ့တာကြောင့် လူတဆယ့်တဦးသေဆုံးခဲ့ရတယ်လို့ အီရန်အစိုးရမီဒီယာတွေက ဖော်ပြထားပါတယ်။











