Border News Agency
အမေရိကန်၊ စက်တင်ဘာ ၂။
တလအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သွားမယ်လို့ သြဂုတ်လ ၃၁ ရက်နေ့က သတိပေးလိုက်ပါတယ်။
အမေရိကန်က အီရန်နိုင်ငံရဲ့ Larak ကျွန်းကိုတိုက်ခိုက်ခဲ့တာကြောင့် အီရန်ကလည်း ဂျော်ဒန်မှာရှိတဲ့အမေရိကန်လေတပ်စခန်းနှစ်ခုကို ဒုံးကျည်တွေနဲ့ ညတွင်းချင်းပြန်လည်ပစ်ခတ်ခဲ့တာပါ။
ဟော်မုဇ်ရေလက်ကြားထဲကို ရေမိုင်းတွေပစ်လွှတ်နေတဲ့ အီရန်ရဲ့ ဒုံးပစ်စင်တွေကို ဖျက်ဆီးခဲ့တာလို့တော့ ဝါရှင်တန်ဘက်ကပြောထားပါတယ်။
ဒီဖြစ်စဉ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ပိတ်ဆို့တားဆီးမှုတွေနဲ့ စီးပွားရေးအရ ဖိအားပေးမှုတွေနဲ့ စစ်ခင်းနေတဲ့ အခြေအနေကနေ စစ်ရေးအရအရေးယူမှုတွေဘက်ကို ဘယ်လောက်မြန်မြန်ပြန်ရောက်သွားနိုင်သလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။
နှစ်ဖက်စလုံးက စစ်ပွဲကြီးတခုအဖြစ် ပြောင်းလဲဖို့မလိုလားကြပေမယ့် ထပ်မံတိုက်ခိုက်ခံရရင်တော့ ပြန်လည်တုံ့ပြန်ဖို့ ပြင်ဆင်ထားကြပါတယ်။
ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကိုပြောကြားရာမှာတော့ ဒီတိုက်ခိုက်မှုတွေဟာ စစ်ပွဲအဖြစ် ပြန်လည်စတင်တာမျိုးမဟုတ်ပါဘူးလို့ဆိုပါတယ်။
အီရန်ဟာ စီးပွားရေးနဲ့စစ်ရေးမှာ ပြင်းပြင်းထန်ထန်ပျက်စီးသွားပြီဖြစ်တဲ့ “ကျရှုံးနိုင်ငံ” လို့ တင်စားပြောဆိုခဲ့ပါတယ်။
အီရန်အပေါ် နျူကလီးယားလက်နက်အသုံးပြုဖို့စဉ်းစားထားသလားလို့ မေးမြန်းရာမှာတော့ အီရန်ဟာ စစ်ရေးအရလုံးဝရှုံးနိမ့်ထားပြီးသားမလို့ သုံးစရာ “အကြောင်းမရှိဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။








