Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြန်မာကျပ်ငွေ ငွေသားစက္ကူရှားပါးမှုကြုံတွေ့နေရပြီး ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ကုန်သွယ်ရေးမှာထိခိုက်တာတွေ ပိုများလာနေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် ဘဏ်စနစ်တွေရပ်တန့်သွားသလို ငွေသားစီးဆင်းမှုတွေလည်း ကန့်သတ်ခံထားရသလို ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ထားတာမို့ ငွေသားရှားပါးမှုဖြစ်လာပါတယ်။
အဲဒီငွေသားရှားပါးမှုပြဿနာဖြစ်နေတာဟာ ခုနောက်ပိုင်းပိုဆိုးလာနေပြီး မြန်မာကျပ်ငွေစက္ကူကို အဓိကမှီခိုနေရတဲ့ အာရက္ခပြည်သူတွေပိုခက်ခဲလာနေကြတယ်လို့ဆိုကြပါတယ်။
“အပြင်မှာငွေသားထုတ်ဖို့ အရမ်းခက်နေတယ်။ စာရင်းထဲမှာ ငွေရှိပေမယ့် ငွေသားရဖို့ ရာခိုင်နှုန်းပေးပြီး လဲနေရတော့ ကုန်ဈေးနှုန်းက ပိုပြီးခုန်တက်သွားတယ်။ မြန်မာကျပ်ငွေကိုပဲဆက်ပြီး မှီခိုနေရရင်တော့ ပြည်သူတွေပဲ ဆက်ပြီးနစ်နာနေရဦးမှာဖြစ်တယ်။” လို့ ကျောက်တော်မြို့နယ်မှ စီးပွားရေး လုပ်ကိုင်သူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ အကန့်အသတ်ရှိနေတာမို့ အွန်လိုင်းငွေလွှဲအသုံးပြုမှုတွေလည်း ထိထိရောက်ရောက်မလည်ပတ်နိုင်သေး တာမို့ ငွေကြေးအသုံးပြုမှုအခက်အခဲတွေဖြစ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် ဒေသတွင်းအသုံးပြုမယ့်ငွေကြေးစနစ်လိုအပ်နေသလို အွန်လိုင်းငွေပေးချေအသုံးပြုမှုတွေလည်း ပိုအသုံးပြုနိုင်အောင် ကြိုးစားပေးကြစေချင်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
“အာဏာသိမ်းစစ်တပ်ကပြည်သူတွေကို စီးပွားရေးအရပိတ်လှောင်ပြီး ဒုက္ခပေးနေတာဖြစ်တယ်။ ဒီလို ပိတ်လှောင် အကြပ်အတည်း ကြုံလာရတိုင်း ရုန်းကန်ဖို့ လမ်းကြောင်းတွေ မြင်လာရတာဖြစ်လို့ အခက်အခဲကို အားသာချက်အဖြစ် ပြောင်းလဲပြီး အာဏာသိမ်းစစ်တပ် ငွေကြေးပေါ် မှီခိုမှု လျှော့ချနိုင်မယ့် ထွက်ပေါက်တခုကို တော်လှန်ရေး အစိုးရဘက်က ဖန်တီးရယူရမှာ ဖြစ်တယ်။”လို့ အာရက္ခပြည်သူတဦးက သုံးသပ်ထားပါတယ်။
အဲဒီလိုငွေသား ရှားပါးမှုကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေသလို ကုန်သည်တွေနဲ့အသေးစား စီးပွားရေးလုပ်ကိုင်သူတွေလည်း လုပ်ငန်းတွေလည်ပတ်ဖို့ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။
“ကျမတို့ငွေလွဲငွေထုတ်လုပ်ရတာမှာ အခက်အခဲတွေရှိတယ်။ အဓိကငွေသားပြတ်လို့ ကျမတို့ ခုဆို တသိန်းကို ခြောက်ထောင်ထိတောင်းနေရတယ်။ အိန္ဒိယဘက်ကိုသွားတဲ့ ကုန်သည်တွေဆီကတဆင့်ပြန်ဝယ်ရတာ။”လို့ အာရက္ခဒေသက ငွေလွဲ၊ငွေထုတ်လုပ်နေသူအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဘဏ်စနစ်နဲ့ ငွေကြေးစီးဆင်းမှုကို ကန့်သတ်ထားတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဒေသတွင်းငွေကြေးဆိုင်ရာထွက်ပေါက်နဲ့အစားထိုးနည်းလမ်းတွေ ဖန်တီးပေးဖို့ ပြည်သူတွေကမျှော်လင့်နေကြပါတယ်။






