Border News Agency
မြိတ်၊ အောက်တိုဘာ ၉။
မြိတ်-ထားဝယ်ခရိုင်မှာ အာဏာသိမ်းစစ်တပ်ကအရပ်သားတဦးကို မတရားဖမ်းဆီးပြီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်က အောက်တိုဘာလ ၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ကစယ်ဒိုမြို့နယ်၊တောင်ဇင်းကျေးရွာအုပ်စုကို အာဏာသိမ်းစစ်တပ်ရဲ့ ခမရ (၄၀၃)၊ (၄၀၄) နဲ့ (၄၀၉)ပူးပေါင်းစစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၆ ရက်နေ့က ထီးမဲ့ဘော (သဲချောင်းကြီးကျေးရွာ) မှာ နေထိုင်တဲ့အရပ်သားတဦးကို မတရားဖမ်းဆီးပြီးနောက် ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဟာ သဘာဝဘေးရင်ဆိုင်နေရတဲ့သရက်ချောင်းနယ်မြေက ဆင်ကျန်းကျေးရွာ၊ပိတိုင်ကျေးရွာနဲ့ လဘကျေးရွာဝန်းကျင်တွေကို လေကြောင်းတိုက်ခိုက်တာနဲ့ စက်သေနတ်နဲ့ ပစ်ခတ်တာတွေကျူးလွန်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမရှိပေမယ့် သဘာဝဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကိုပါ တပြိုင်တည်းရင်ဆိုင်ကြုံတွေ့နေရတာလို့ဆိုပါတယ်။






