Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၉။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံကို စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ အာရက္ခတပ်တော်(AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်အပါအဝင် မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။
အဲဒီညီလာခံဖွင့်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီးလ၊ အာရက္ခတပ်တော်ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) အထွေထွေအတွင်းရေးမှူး မော်ဖေဘားဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီးထူးတို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြတာပါ။
ညီလာခံသို့တပ်ပေါင်းစု ဦးဆောင်ကော်မတီဝင်တွေ၊အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ လေ့လာသူ စုစုပေါင်းကိုးဆယ်ငါးဦးတက်ရောက်ခဲ့ကြပြီး စစ်ဒေသအလိုက် အစီရင်ခံစာတွေကို အပြန်အလှန် ဆွေးနွေးကာရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုဆုံးဖြတ်အတည်ပြုခဲ့ကြပါတယ်။
အဲဒီအပြင် တပ်ပေါင်းစုရဲ့လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေဖို့ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၁) နဲ့ (၂) တို့ ပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သလို အဖွဲ့ဝင်တွေအတွင်း စစ်ဥပဒေချိုးဖောက်မှုတွေရှိရင် အရေးယူနိုင်ရေးမူဝါဒအချို့ကိုလည်း ပြင်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်ပေါင်းစုအနေနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။






