Border News Agency
နောင်ချိူ၊ အောက်တိုဘာ ၁၅။
ရှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ်မှာ ငွေကျပ် သိန်းသုံး ထောင် တရာ့ ရှစ်ဆယ်တန်ဖိုးရှိ စိတ်ကြွဆေးပြား ခြောက်သိန်းခြောက်သောင်းကျော်ကို သံသယရှိသူ ငါးဦးနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီနောင်ချိုမြို့နယ်၊မကျီးရေကျေးရွာအနီးမှာ စိုင်းဆောနန္ဒာ (ခ) အိုက်ပီး မောင်းနှင်ပြီး စိုင်းအိုက်စောနဲ့ မနန်းဆိုင်ဖောင်း တို့ လိုက်ပါလာတဲ့မော်တော်ယာဉ်ကို အောက်တိုဘာလ ၁၂ ရက်နေ့ကစစ်ဆေးရာမှကာလတန်ဖိုး ငွေကျပ် သိန်းသုံး ထောင့် ငါးဆယ် တန်ဖိုးရှိ စိတ်ကြွဆေးပြား ခြောက် သိန်း တသောင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီအပြင် အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးမှာ မပီခေါင် (ခ)မဖြူ မောင်းနှင်ပြီး မနန်းလှယုံ လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို စစ်ဆေးရာမှ ကာလတန်ဖိုး ငွေကျပ်သိန်း တရာ့ သုံးဆယ်တန်ဖိုးရှိ စိတ်ကြွဆေးပြား နှစ်သောင်း ခြောက်ထောင်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူစိုင်းဆောနန္ဒာ (ခ) အိုက်ပီး၊ စိုင်းအိုက်စော၊ မနန်းဆိုင်ဖောင်း၊ မပီခေါင် (ခ) မဖြူနဲ့ မနန်းလှယုံ တို့ ငါး ဦးကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဆက်စပ်ပါဝင်သူ ကွင်းဆက်တွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။







