Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ကို ထောက်ပံ့နေတဲ့ မူဆလင်အမျိုးသားတဦးကို စက်တင်ဘာလ ၃၀ ရက်နေ့က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရီးဌာန(ဒီလပ်)က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊အောက်ပို က်သည် (မူဆလင်) ရွာမှ အဖအိုဘီဒူလာရဲ့သား အသက်လေးဆယ်နှစ်အရွယ် ဟာမီတူဆင်းဟာ နိုင်ငံခြားရောက် မူဆလင်တက်ကြွလှုပ်ရှားသူတွေနဲ့အဆက်အသွယ်ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အာဆာအကြမ်းဖက်အဖွဲ့ကို ဆေးဝါး၊ ရိက္ခာနဲ့ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာပါ။
အဲဒီဟာမီတူဆင်းရဲ့ထွက်ဆိုချက်အရ မူဆလင်အရေးအဓိကတက်ကြွလှုပ်ရှားနေတဲ့ နိုင်ငံခြားရောက်မူဆလင်ခေါင်းဆောင်နှစ်ဆယ်ဦးခန့်ပါဝင်နေပြီး အဲဒီအထဲမှာ နော်ဝေနိုင်ငံမှ တဦး၊ အမေရိကန်နိုင်ငံမှ နှစ်ဦး၊ မလေးရှားနိုင်ငံမှ ဆယ့်ခုနှစ်ဦးဖြစ်ပါတယ်။
ဟာမီတူဆင်းကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရီးဌာန(ဒီလပ်)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၂ (က) နဲ့ဖမ်းဆီးအရေးယူထားပါတယ်။
အဲဒီအမှုမှထွက်ပြေးတရားခံနှစ်ဆယ့်နှစ်ဦးကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၂(က)/ကျင့် ၅၁၂ နဲ့ တရားစွဲတင်နိုင်ရေး အမှုတည်ဆောက်နေပြီး ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်လို့ ဒီလပ်ဌာနက ဆိုပါတယ်။







