Border News Agency
ဘူးသီးတောင်၊ နိုဝင်ဘာ ၂၅။
”လိမ်လည်မှုတွေ၊ဂုဏ်သိက္ခာမဲ့မှုတွေနဲ့ တည်ဆောက်ထားတဲ့ အာဏာပလ္လင်ကြီးဟာ မင်းရဲ့ပုဝါစလေး လျှောကျသွားရုံနဲ့တင် ယိုင်နဲ့ပြိုလဲနေပြီ”
ဟီဂျပ် (Hijab)ပုဝါ မခြုံဘဲ သီချင်းဆိုပြိုင်ပွဲဝင်လို့ အီရန်အမျိုးသမီးအဆို တော် ပါရာစတူးအမာဒီ (Parastoo Ahmadi)ကို အီရန်ရဲ့ဘာသာရေးအစိုး ရက ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့က ကြိမ်ဒဏ်ပေးရိုက်နှက်လိုက်ပါတယ်။
သံစဉ်တွေနဲ့ဖိနှိပ်သူကို တော်လှန်သူ
တကယ်တော့ ပါရာစတူးအမာဒီဟာအီရန်ဘာသာရေးအစိုးရဖိနှိပ်မှုကို ထိပ်တိုက်တိုး ရင်ဆိုင်တာဟာ ခုမှမဟုတ်ပါဘူး။
၂၀၂၃ ခုနှစ်တုန်းကလည်း သူမဟာ အမျိုးသမီး၊ဘဝ၊လွတ်လပ်ခွင့်ဆိုတဲ့ လူထုလှုပ်ရှားမှုထဲမှာ လွတ်လပ်တဲ့ လေပြေလို့အဓိပ္ပာယ်ရတဲ့ ဟာဗာယီ အဇာဒီ (Havaye Azadi)ဆိုတဲ့ သီချင်းကို သီဆိုခဲ့လို့ တရားစွဲခံရပါသေးတယ်။
၂၀၂၄ ခုနှစ်မှာတော့ ကာရာဗန်ဆီရိုင်း ဂီတပြိုင်ပွဲ(Caravanserai Concert) မှာ သူမဝင်ပြိုင်ခဲ့တဲ့အခါ ဟီဂျပ်မဝတ်ဘူးဆိုပြီး သူမကိုတရားစွဲလာခဲ့တာပါ။
သူမက အဲဒီဂီတပြိုင်ပွဲမှာ အက်စ်ခူးန်နေးဂျာဗန် (Az Khoon-e Javann) ဆိုတဲ့ သီချင်းကိုပါသီဆိုခဲ့တာပါ။
အဲဒီသီချင်းကလည်း ဖိနှိပ်သူကို ပြန်လည်ဆန့်ကျင်တဲ့အခါ အီရန်တွေသီကျူးကြတဲ့ သီချင်းပါ။
၂၀၂၆ ခုနှစ် ဇွန်လမှာ အီရန်အာဏာပိုင်တွေက သူမကို ကြိမ်ဒဏ်ချမှတ်ပါတယ်။
သူမတို့ဖက်ကအယူခံဝင်တော့ စက်တင်ဘာလမှာ အယူခံတရားရုံးက သူမကို ကြိမ်ဒဏ်ပေးဖို့ကိုပဲ ထပ်ဆင့်အတည်ပြုပါတယ်။
အီရန်အာဏာပိုင်တွေက နိုဝင်ဘာလ ၂၃ ရက်မှာတော့ သူမကို ကြိမ်ဒဏ်ပေးလိုက်တယ်လို့ဆိုပါတယ်။
သူမ ကျောပြင်ကို ကြိမ်ဒဏ်ခုနှစ်ဆယ်လေးချက်ကျခဲ့ပါတယ်။
အီရန်လူ့အခွင့်အရေးအဖွဲ့တွေနဲ့တက်ကြွလှုပ်ရှားသူတွေကတော့ အီရန်အစိုးရကို အကြီးအကျယ်ဝေဖန်နေကြပါတယ်။
ကြိမ်ဒဏ်ချခံပြီး နောက်တနေ့မှာ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ သူမကို တရားစွဲခဲ့တဲ့ဂီတပြိုင်ပွဲက သီချင်းတွေကို သူမထပ်တင်ထားပါတယ်။
ပုံစံကတော့ အီရန်ဘာသာရေးအစိုးရမကြိုက်တဲ့ အလုပ်ကိုပဲ သူမဆက်လုပ်နေဦးမယ်ဆိုတဲ့ပုံစံပါ။
လွတ်လပ်တဲ့လေပြေဆိုတဲ့ ဟာဗာယီ အဇာဒီ (Havaye Azadi) သီချင်းထဲမှာ အီရန်အမျိုးသမီးတွေအနေနဲ့ အစိုးရကို ဖီဆန်ဖို့အတွက် ဟီဂျပ် မဝတ်ဖို့၊ ပုဝါမခြုံဖို့ကို စပ်ဆိုထားပါတယ်။
”လိမ်လည်ညစ်ပတ်ပြီး တည်ဆောက်ထားတဲ့ အာဏာပလ္လင်ကို ပြိုလဲသွားဖို့ မင်းရဲ့ ခေါင်းခြုံ ပုဝါကို ဖယ်ချလိုက်ရုံနဲ့ လုံလောက်ပါတယ်။”
အီရန် အမျိုးသမီးတွေကတော့ နောက် ဆုတ်သွားမှာ မဟုတ်ပါဘူး။သူတို့ရဲ့ခေါင်းခြုံ ပုဝါဆက်ပြီး ဖယ်ချကြဦးမှာပါပဲ။
ကိုးကား…
https://www.facebook.com/share/1FEUGy78Ei/
https://www.facebook.com/share/1ZfzpzXMMN/






