Border News Agency
သံတွဲ၊ သြဂုတ် ၂။
ရေလုပ်ငန်းကိုအဓိကထားအသက်မွေးကြတဲ့ သံတွဲ၊ ဂွ၊ ကျောက်ဖြူစတဲ့မြို့နယ်တွေမှ ဒေသခံတွေဟာပင်လယ်ပြင်အတွင်း စစ်ကောင်စီရေတပ်တွေရှိနေတာ၊ ရေထွက်ပစ္စည်းတွေရောင်းချဖို့စျေးကွက်မရှိတာတွေကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီဒေသခံတွေဟာ ပင်လယ်၊ မြစ်၊ ချောင်းတွေကို မှီခိုပြီးဂဏန်း၊ ပုစွန်၊ ငါး၊ ငါးခြောက်လှမ်း၊ ငါးပိထုတ်ရောင်းချပြီး အသက်မွေးကြတာဖြစ်ပြီး လယ်ယာနဲ့ဆောင်းသီးနှံ၊တောင်ယာစိုက်သူအနည်းငယ်သာရှိကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီပင်လယ်ကိုမှီခိုပြီးစားဝတ်နေရေးဖြေရှင်းဖို့အတွက် စစ်ကောင်စီတပ်ရဲ့နေဗီတွေရှိနေတာကြောင့် ငါးဖမ်းဖို့မသွားရဲကြဘူးလို့လို့ဆိုကြပါတယ်။
“စားစရာမရှိလို့အုန်းသီးတွေကိုကောက်ပြီး စားနေကြရတဲ့မိသားစုတွေတောင်ရှိတယ်။အလုပ်တွေကလည်းမရှိဘူး။ငါးဖမ်းဖို့လည်းနေဗီကိုကြောက်ရတယ်။ငါးဖမ်းပစ္စည်းတွေလည်းအပြည့်အစုံမရှိကြ တော့ဘူး။” လို့ ဂွမြို့နယ်ရှိ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ တိုက်ပွဲကာလအတွင်းက ဘေးလွှတ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး သူတို့ရဲ့သက်မွေးဝမ်းကျောင်းအလုပ်တွေကို မလုပ်ခဲ့ကြရဘူးလို့ ဆိုကြပါတယ်။
ခုတိုက်ပွဲအလွန်နေရပ်ပြန်လာချိန်မှာလည်း ပင်လယ်ပြင်အတွင်းစစ်ကောင်စီ ရေတပ်တွေရှိနေပြီး ငါးဖမ်းစက်လှေတွေကိုပစ်ခတ်၊ဖမ်းဆီးတာတွေလုပ်နေတာမို့ ငါးဖမ်းဖို့အခက်ကြုံနေကြရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့စစ်သင်္ဘောတွေဟာ သံတွဲနဲ့ဂွမြို့နယ်အတွင်းက ပင်လယ်ပြင်မှာသွားလာနေပြီး ငါးဖမ်းစက်လှေတွေကိုသေနတ်နဲ့လှမ်းပစ်ခတ်၊နှောင့်ယှက်နေကြတယ်လို့ဒေသခံတွေက ပြောကြပါတယ်။
“ငါးဖမ်းစက်လှေတွေကိုလှမ်းပစ်တယ်၊ တခါတခါ ကမ်းနဲ့နီးနီးလေးကိုတောင် ရောက်လာတယ်နေဗီတွေက။အဲလိုဆိုတော့ ပင်လယ်ထဲတောင် မဆင်းရဲကြတော့ဘူး။” လို့ ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသားတဦးက Border News Agency ကိုပြောပါတယ်။
စစ်ကောင်စီတပ်ကကုန်းလမ်း၊ရေလမ်းတွေဖြတ်တောက်ထားတာကြောင့် အာရက္ခပြည်အတွင်းအခြေခံစားသောက်ကုန်တွေနဲ့စက်သုံးဆီတွေလည်းစျေးတက်နေပြီး ငါးဖမ်းလုပ်ငန်းမှာ အဓိကအသုံးလိုတဲ့ စက်သုံးဆီတလီတာကို ကျပ်တစ်သောင်းခွဲဝန်းကျင်ရှိနေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ငါးဖမ်းထွက်ပြီးရင်လည်း ထွက်လာတဲ့ ရေထွက်ပစ္စည်းသားငါးတွေကို ရောင်းချဖို့ စျေးကွက်ခိုင်ခိုင်မာမာ မရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
“ဂဏန်း၊ ပုစွန်ဆိုရင် အရင်လိုပြည်မပို့လို့မရတော့ဘူး။ငါးခြောက်တွေလည်း အတူတူပဲ၊ ဆီစျေးကြီးတော့သိပ်မကိုက်ဘူးပေ့ါလေ။” လို့ သံတွဲမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
သံတွဲနဲ့ ဂွမြို့နယ်မှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဟာလည်း သောင်းချီရှိနေပြီး နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့အထောက်အပံ့လုံး၀မရတော့ဘဲ ပြည်တွင်းအလှူရှင်တွေရဲ့ထောက်ပံ့မှုအနည်းငယ်ကိုသာရကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ကြုံနေကြရတယ်ဆိုကြပါတယ်။
အာရက္ခပြည်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ခုနှစ်သိန်းဝန်းကျင်ရှိနေပြီး စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံပြည်သူတွေဟာလည်း စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ ကြုံနေကြရတာပါ။
အာရက္ခပြည်သူတွေဟာ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်အပါအဝင် တခြားလမ်းကြော င်းတွေမှ စားသောက်ကုန်၊ဆေးဝါး၊စက်သုံးဆီတွေကိုတင်သွင်းနေကြရတာကြောင့် အာရက္ခပြည်တွင်းမှာ စျေးနှုန်းမြင့်တက်မှုတွေရှိနေကာ အလုပ်အကိုင်ရှားပါးတဲ့ပြည်သူတွေအဖို့ စားဝတ်နေရေးကြပ်တည်းမှုနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ အာရက္ခပြည်သူတွေစားဝတ်နေရေး ပြေလည်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းတွေ စနစ်တကျဖြစ်ဖို့၊ ကုန်စျေးနှုန်းကျဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။