Border News Agency
ကွတ်ခိုင်၊ မတ် ၁၅။
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက TNLAတပ်စခန်းတွေကို မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)ဘက်က ဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ ဝင်ရောက်တိုက်ခိုက်နေပေမယ့် ထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ဘဲ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာဖြေရှင်းသွားမယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က မတ်လ ၁၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီကွတ်ခိုင်မြို့ပေါ်နဲ့ မြို့နယ်အတွင်းက TNLA တပ်စခန်း ၅ ခုထက်မနည်းကို မတ်လ ၁၄ ရက်၊မနက်ပိုင်းကစပြီး MNDAA ဘက်က ဒရုန်းတွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ဂိတ်တွေမှာ တာဝန်ကျနေတဲ့ TNLA တပ်ဖွဲ့ဝင် ၄၇ ဦးကိုလည်း MNDAA က လက်နက်တွေနဲ့အတူ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခံရမှုတွေနဲ့ ဖမ်းဆီးခံရမှုတွေ ရှိနေပေမယ့်လည်း TNLA အနေနဲ့ မဟာမိတ်အချင်းချင်းကြား စစ်ရေးအရ ပြန်လည်တုံ့ပြန်တာမျိုး လုံးဝမလုပ်ဘဲ မိမိကိုယ်ကိုခုခံကာကွယ်တဲ့ ပုံစံမျိုးနဲ့ပဲ သည်းခံစောင့်ထိန်းနေတယ်လို့ ဆိုပါတယ်။
TNLA အနေနဲ့ အခုဖြစ်ပွားနေတဲ့ ပြဿနာတွေကို မိတ်ဖက်အဖွဲ့အစည်းအချင်းချင်းကြား နားလည်မှုလွဲမှားတာလို့ပဲ သတ်မှတ်ပြီး ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့အညီ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ အကောင်းဆုံး ဖြေရှင်းသွားမယ်လို့ အသိပေးထားပါတယ်။






