Border News Agency
ထိုင်း၊ ဇွန် ၁၃။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇနီးဖြစ်သူကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ပြီး မြန်မာနိုင်ငံကို ထွက်ပြေးလာတဲ့ စားဖိုမှူးအောင်ပြည့်ကိုဇွန်လ ၁၃ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
အဲဒီထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်က တိုက်ခန်းတခုကိုဝင်ရောက်စစ်ဆေးရာမှာ ဝရန်တာရှိ ပလတ်စတစ်ပုံးထဲကနေ အပိုင်းပိုင်းဖြတ်တောက်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
အဲဒီသေဆုံးသူဟာ စားပွဲထိုးလုပ်ကိုင်နေတဲ့ မအေးအေးနွဲ့ဖြစ်ပြီး တရားခံဖြစ်တဲ့ခင်ပွန်းဖြစ်သူကတော့ အခင်းဖြစ်ပြီးနောက် ခရီးဆောင်အိတ်ကြီးကိုဆွဲပြီး ထွက်ပြေးသွားတာကို CCTV မှတ်တမ်းတွေအရ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်တွေအရတော့ ဒီလုပ်ရပ်ဟာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ သံသယဝင်ပြီး စိတ္တဇသဝန်တိုမှုကြောင့် ကျူးလွန်ခဲ့တာလို့ ခန့်မှန်းထားပါတယ်။
အဲဒီသေဆုံးသူဟာ ခြေ၊ လက်နဲ့ ခေါင်းတွေပါ ဖြတ်တောက်ခံထားရတာကြောင့် အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တခုလို့လည်းဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ တရားခံအောင်ပြည့်ကိုတော့ အခုအခါမှာ ဟင်္သာတမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။















