Border News Agency
မြောက်ဦး၊ ဇွန် ၁၃။
နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ မြေယာဆိုင်ရာစံနှုန်းများ
ကမ္ဘာဘဏ်၏(ESS 5)စံနှုန်း
ကမ္ဘာ့ဘဏ်(World Bank)၏ပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာမူဘောင် (Environmental and Social Framework – ESF)ထဲတွင် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာစံနှုန်း (Environmental and Social Standard- ESS )များရှိသည်။
ထိုESSစံနှုန်းဆယ်ခုထိရှိပြီး တခုချင်းစီတွင်သတ်မှတ်ထားသော ခေါင်းစဉ်နယ်ပယ်အလိုက်စံနှုန်းများရှိသည်။
ထိုအထဲမှအခန်းငါးမှာ “မြေယာသိမ်းဆည်းမှု၊ မြေအသုံးချမှုကန့်သတ်ချက်များနှင့် မလိုလားအပ်ဘဲပြောင်းရွှေ့အခြေချရမှုများ” (Land Acquisition, Restrictions on Land Use and Involuntary Resettlement)ဆိုင်ရာ စံနှုန်းဖြစ်သည်။
ထိုအခန်းထဲတွင် ပြဋ္ဌာန်းထားသောအချက်များကို ESS 5 စံနှုန်းဟုခေါ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ (SPS – Safeguard 2)စံနှုန်း
အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တွင်လည်း လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ (Safeguard Policy Statement -SPS) ရှိသည်။
ထိုအထဲမှ( Safeguard Requirements 2 -SR 2)မှာ “ဒုတိယမြောက်အကာအကွယ်ပေးရေးမူဝါဒစံနှုန်း”ဖြစ်သည်။
ထိုစံနှုန်းမှာမလွှဲမရှောင်သာနေရာပြောင်းရွှေ့ရခြင်းမူဝါဒ ( “Involuntary Resettlement”)ဖြစ်ပြီး မြေသိမ်းခြင်းနှင့်တိုက်ရိုက်သက်ဆိုင်နေသည်။
IDB ဘဏ်၏( Performance Standard 5 -PS 5)စံနှုန်း
အမေရိကနိုင်ငံများဖွံ့ဖြိုးရေးဘဏ် (Inter-American Development Bank – IDB)မှာ လက်တင်အမေရိကနှင့်ကာရီဘီယံဒေသတွင်းရှိ အကြီးမားဆုံးဖွံ့ ဖြိုးရေးဘဏ်ဖြစ်သည်။
IDB တွင် သဘာဝပတ်ဝန်းကျင်နှင့်လူ မှုရေးဆိုင်ရာမူဘောင်(Environmental and Social Policy Framework -ESPF)အား လက်ရှိကျင့်သုံးနေသည်။
ထိုမူဘောင်ထဲမှ မြေသိမ်းဆည်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သောစံနှုန်းမှာ Performance Standard 5 (PS 5) ဖြစ်သည်။
PS 5 စံနှုန်း၏အမည်အပြည့်အစုံမှာ မြေသိမ်းဆည်းခြင်းနှင့်မလွှဲမရှောင်သာနေရာပြောင်းရွှေ့ရခြင်း (Land Acquisition and Involuntary Resettlement)ဖြစ်သည်။
ကမ္ဘာဘဏ်၏(ESS 5)စံနှုန်းတွင် ပါဝင်သောအချက်များ
စီမံကိန်းတခုဆွဲသောအခါ မြေသိမ်းခြင်း၊လူများကို အတင်းအကျပ်ပြောင်းရွှေ့ခြင်းမဖြစ်စေရန် စတင်စဉ်းစားရမည်။
တပ်နိုင်သမျှ ဖြစ်နိုင်သမျှ ရှောင်လွှဲရန်စဉ်းစားရမည်ဖြစ်သည်။ နည်းလမ်းပေါင်းစုံ ရှူဒေါင့်ပေါင်းစုံမှအခြားနည်းလမ်းများကို အပြင်းအထန်ရှာဖွေရ၍ ရှောင်လွှဲမရမှသာမြေကို သိမ်းဆည်းခြင်းကိုလုပ်ခွင့်ရှိသည်။ သိမ်းဆည်းရာတွင်လည်း မြေသိမ်းခံရသောသူများ၏ဘဝအခြေအနေ ပြန်လည်မြှင့်တင်ပေးရန်အစီအစဉ်များပါဝင်ရမည်။
မြေသိမ်းခံရသူများကို လျော်ကြေးပေးရုံတင် မဟုတ်ဘဲ၎င်းတို့၏လူနေမှုအဆင့်အတန်း၊ ဝင်ငွေရရှိမှုလမ်းကြောင်းများကို စီမံကိန်းမတိုင်ခင်ကထက် ပိုကောင်းစေရန်(သို့မဟုတ်)အနည်းဆုံး မူလအခြေအနေထက်မနိမ့်စေရန်ပြန် လည်ထူထောင်ထောက်ပံ့ကူညီရမည်။
အရေးကြီးဆုံးအချက်မှာ ပိုင်ဆိုင်မှုအထောက်အထားမရှိသူများကိုပါအကာအကွယ်ပေးခြင်းဖြစ်သည်။
မြေယာပိုင်ဆိုင်ခွင့်ဘိုးဘွားပိုင်အထောက်အထား(စာရွက်စာတမ်း)တရားဝင်မရှိသော်လည်း အဆိုပါမြေပေါ်တွင် အမှန်တကယ် မှီတင်းနေထိုင်အသက်မွေး ဝမ်းကျောင်းပြုနေသော အခြေခံလူတန်းစားများ၊ ကျူးကျော်ဟုသတ်မှတ်ခံရသူများကိုပါ လျော်ကြေးနှင့်ပြန်လည်နေရာချထားရေးအစီအစဉ်များရှိရမည်။
ဆုံးရှုံးမှုတန်ဖိုးအား ပြန်ပေးခြင်း (Replacement Cost)တွင် လျော်ကြေးငွေတွက်ချက်သောအခါ လက်ရှိပေါက်ဈေးတင်မကအဆိုပါ မြေ၊ အိမ်မျိုးပြန် လည်ဝယ်ယူဆောက်လုပ်ပါက ကုန်ကျမည့်”အမှန်တကယ်အစားထိုးစရိတ်” ကို အခြေခံရမည်ဖြစ်ကာ တန်ဖိုးလျော့တွက်ခြင်းမရှိစေရပေ။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ Safeguard Policy Statement (SPS – Safeguard 2)စံနှုန်းတွင် ပါဝင်သော အချက်များ
ADB ၏စံနှုန်းအရမြေကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိသူများ၊တရားဝင်မရသေးသော်လည်း ဥပဒေအရတောင်းဆိုပိုင်ခွင့်ရှိသူများ၊အထောက်အထား လုံးဝမရှိသော်လည်း ထိုမြေကို အမှန်တကယ်အသုံးပြုနေသူများအပေါ် အပြည့်အဝအာကာအကွယ်ပေးထားသည်။
အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ၊ ဘဝအရည်အသွေးနှိမ့်ကျသူများ၊ မြေမဲ့ယာမဲ့များ၊ အမျိုးသမီးဦးဆောင်သော မိသားစုများနှင့်တိုင်းရင်းသားမျိုးနွယ်စုများ၊လူမျိုးစုများမှာ မြေသိမ်းခံရလျှင်ပိုပြီး ထိခိုက်လွယ်သောအုပ်စုများ (Vulnerable Groups)ဖြစ်ကြသည်။
ထိုသူများအတွက် သီးသန့်အစီအမံများချမှတ်ကာ လူမှုစီးပွားမြှင့်တင်ရေးအကူအညီများ ပိုပေးရန်အလေးထားသ ည်။
ထိုစီမံကိန်းဖြစ်စဉ်တလျှောက် ပွင့်လင်းမြင်သာမှုရှိသော တိုင်ပင်ဆွေးနွေးခြင်း (Meaningful Consultation)ပြုလုပ်ရမည်။ စီမံကိန်းအစကတည်းကပင် ထိ ခိုက်ခံရမည့်ဒေသခံများနှင့်အဓိပ္ပာယ်ရှိရှိ၊ ပွင့်ပွင့်လင်းလင်းတိုင်ပင်ရမည်။
၎င်းတို့၏သဘောထားများကို စီမံကိန်းဒီဇိုင်းထဲထည့်သွင်းစဉ်းစားရမည်။ ထိခိုက်နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့်ယန္တရား(Grievance Redress Mechanism – GRM)များထားရှိရမည်။
ဒေသခံများလျော်ကြေးမကျေနပ်မှု၊ နစ်နာမှုရှိပါကအခမဲ့လျင်လျင်မြန်မြန်တိုင်ကြားဖြေရှင်းနိုင်သောယန္တရား(GR M)ကို စီမံကိန်းဧရိယာတွင် မဖြစ်မနေထားရှိပေးရမည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏စံနှုန်းများ
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)မှာ အလုပ်သမားအခွင့်အရေးနှင့် လူမှုရေးတရားမျှတမှုကို ဦးတည်သောအဖွဲ့ဖြစ်သည်။
မြေသိမ်းခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO )တွင် အလွန်ကျော်ကြားပြီး ကမ္ဘာကလိုက်နာရသောပြဋ္ဌာန်းချက် (Convention)တခု ရှိသည်။
ထိုပြဌာန်းချက်မှာ တိုင်းရင်းသားလူနည်းစုများနှင့် မျိုးနွယ်စုများဆိုင်ရာသဘောတူစာချုပ်အမှတ် ၁၆၉ (ILO Convention No. 169 (Indigenous and Tribal Peoples Convention) ဖြစ်ပြီး မြေယာသိမ်းဆည်းမှုမှာ အလွန်အရေးပါသောနိုင်ငံတကာဥပဒေစံနှုန်းတခုဖြစ်သည်။
ထိုစာချုပ်အရရိုးရာမြေယာပိုင်ဆိုင်ခွင့်အပေါ် အကာအကွယ်ပေးရမည်ဖြစ်သည်။
တိုင်းရင်းသားများ၊ လူမျိုးစုများဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာသောမြေနှင့် သဘာဝသယံဇာတများကိုအသိအမှတ်ပြုအကာအကွယ်ပေးရမည်ဖြစ်သည်။
“ကြိုတင်၍အသိပေးပြီး လွတ်လပ်စွာသဘောတူညီချက်ရယူခြင်း”မူဝါဒ FPIC မူဝါဒ (Free, Prior, and Informed Consent)ကိုကျင့်သုံးရမည်။
FPIC မူဝါဒဆိုလိုချက်မှာ တိုင်းရင်းသားဒေသများတွင် ၎င်းတို့၏သဘောမတူဘဲမြေသိမ်းခြင်း၊ပြောင်းရွှေ့ခြင်း၊ အကြပ်ကိုင်ဖိအားပေးခြင်း လုံးဝမလုပ်ရဟု ဆိုလိုခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏မူဝါဒများ
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှာ ကမ္ဘာ့ဘဏ်၊ ADB၊ IDB ကဲ့သို့ လမ်းခင်း၊တံတားဆောက်စသည့်စီမံကိန်းများအတွက် ချေးငွေပေးသော အဖွဲ့မဟုတ်ပေ။
လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတခုစီးပွားရေးပျက်ကပ်မဆိုက်ရန်၊ ငွေကြေးဖောင်းပွမှုထိန်းနိုင်ရန် ထိုနိုင်ငံလူ့အဖွဲ့အစည်း၏ဗဟိုဘဏ်နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနများကို မက်ခရိုစီးပွားရေး (Macroeconomics)ဆိုင်ရာချေးငွေနှင့် မူဝါဒပိုင်းအပေါ် အကူအညီပေးသော အဖွဲ့အစည်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)တွင် မြေသိမ်းခြင်းအတွက်သီးသန့် Social Standard မရှိသော်လည်း မကြာသေးခင်နှစ်ပိုင်းအတွင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မူဝါဒများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။
ထို့ကြောင့် မြေသိမ်းယူမှုမှာအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ လူမှုရေးအကာအကွယ်ပေးမှုအသုံးစရိတ်စံနှန်း(Social Spending Safeguards )နှင့်အုပ်ချုပ်မှုကောင်းမွန်ရေး (Governance & Anti-Corruption) စံနှုန်းအောက်တွင် ရှိလာခဲ့သည်။
လူမှုရေးအကာအကွယ်ပေးမှုအသုံးစရိတ်(Social Spending Safeguards )စံနှုန်းအရ နိုင်ငံတခုကိုချေးငွေပေးသောအခါ IMF က ဘတ်ဂျက်ကို ခြိုးခြံချွေတာခိုင်းသော်လည်း ထိုသို့ချွေတာနေ၍ဆင်းရဲသားများ ပိုမိုနစ်နာသွားမည်ဆိုပါက ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးအသုံးစရိတ်များကို မလျှော့ချရဆိုသော စည်းကမ်းချက်များ(Social Safeguards)ထည့်သွင်းလာခဲ့သည်။
အုပ်ချုပ်မှုကောင်းမွန်ရေးနှင့် အဂတိကင်းရေး(Governance & Anti-Corruption)စံနှုန်းအရ အစိုးရများမြေသိမ်းသောအခါခြစားမှုများ၊ တရားမဝင် မြေကွက်ရောင်းစားမှုကဲ့သို့ ကိုယ်ကျိုးရှာမှုများမရှိစေရန် ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးစနစ်ဖြစ်ရန် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဖိအားပေးကြီးကြပ်လေ့ ရှိလာသည်။
IDB ဘဏ်၏( Performance Standard 5 -PS 5)စံနှုန်းတွင် ပါဝင်သောအချက်များ
IDB၏စံနှုန်းများမှာ ကမ္ဘာ့ဘဏ်၊ ADB တို့၏စံနှုန်းများနှင့်အနှစ်ချုပ်ချင်းတူ ညီသည်။
IDB စံနှုန်းများတွင် လက်တင်အမေရိကဒေသ၏ လက်ရှိအခြေအနေအပေါ် မူတည်၍ ပိုမိုထူးခြား တင်းကျပ်သော အချက်လေးချက်ရှိသည်။
-အမျိုးသမီးများနှင့်အမျိုးသမီးအိမ် ထောင်ဦးစီးများအပေါ် ပိုမိုအကာအ ကွယ်ပေးခြင်း။
လက်တင်အမေရိကဒေသတွင် အမျိုး သမီးအိမ်ထောင်ဦးစီးများမှာလူမှုစီး ပွားဘဝ ထိခိုက်လွယ်ဆုံးအုပ်စုထဲ ပါ ဝင်နေသည်။
IDB စံနှုန်းအရ မြေသိမ်းသောအခါ လျော်ကြေးပေးရာတွင်လည်းကောင်း၊ အိမ်ရာအသစ်ပြန်ချပေးရာတွင်လည်း ကောင်း”လင်မယားနှစ်ယောက်လုံးအမည်ပေါက်” သို့မဟုတ် “အမျိုးသမီးအမည်ပေါက်” ဖြင့် တရားဝင်ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းတွေထုတ်ပေးရန် အထူးအလေးထားလာသည်။
သို့မှသာ မြေသိမ်းခံရပြီးနောက် မိသားစုပြဿနာများဖြစ်လာခဲ့လျှင် အမျိုးသမီးများလမ်းဘေးရောက်မသွားရန် အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။
စီးပွားရေးအရထိခိုက်မှု(Economic Displacement)ကို တိကျစွာကုစားရန် IDBမှဖိအားပေးသည်။
လက်တင်အမေရိကမြို့ကြီးများတွင် တရားဝင်ဆိုင်ခန်းမရှိဘဲ လမ်းဘေးဈေးရောင်းကာအသက်မွေးဝမ်းကျောင်းပြုနေကြသော လမ်းဘေးဈေးသည် များ(Informal Traders)သန်းနဲ့ချီရှိသည်။
IDB စံနှုန်းက စီမံကိန်းကြောင့် ထိုသူများဈေးရောင်းသောနေရာများပျောက်ဆုံးသွားလျှင် အိမ်ပြောင်းရွှေ့ရသူများနည်းတူ စီးပွားရေးထိခိုက်နစ်နာမှုအတွက် ဝင်ငွေပြန်လည်ထူထောင်ရေး အစီအစဉ်များ၊နေရာအစားထိုးမှုများကို မဖြစ်မနေလုပ်ဆောင်ပေးရန်သတ်မှတ်ထားသည်။
ဌာနေတိုင်းရင်းသားများ(Indigenous Peoples)အခွင့်အရေးနှင့်ပတ်သက်၍ IDB ၏စံနှုန်းမှာ အစွမ်းထက်လှသည်။
လက်တင်အမေရိက အင်ဒီယန်းဌာနေတိုင်းရင်းသားများ၏ ရိုးရာမြေယာများကို သိမ်းဆည်းမည်ဆိုပါက အခြားအဖွဲ့အစည်းများထက် ပိုမိုတင်းကျပ်သော Performance Standard 7 (Indigenous Peoples)စံနှုန်းကိုပါ တွဲဖက်ကျင့်သုံးရသည်။
ကြိုတင်အသိပေးပြီး လွတ်လပ်စွာသဘောတူညီချက်ရယူခြင်း FPIC စံနှုန်းမပါဘဲ တိုင်းရင်းသားမြေတွေကို လုံးဝသိမ်းခွင့်မပြုချေ။
IDB တွင် MICI (Independent Consultation and Investigation Mechanism)ဟုခေါ်သော သီးခြားလွတ်လပ်သော နစ်နာမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ ရှိသည်။
ဒေသခံများက စီမံကိန်းကြောင့်မြေယာနစ်နာမှုရှိပါက IDB ၏ စီမံကိန်းအရာရှိများကို ကျော်ကာ MICI အဖွဲ့ဆီ တိုက်ရိုက်တိုင်ကြား၍ရသည်။
MICI က စစ်ဆေး၍ စံနှုန်းချိုးဖောက်ကြောင်းတွေ့ရလျှင် ဘဏ်ဥက္ကဋ္ဌထံအစီရင်ခံပြီး ချေးငွေချက်ချင်းအပိတ်ခိုင်းနိုင်သောအာဏာရှိသည်။
စံနှုန်းများ၏အခြေခံအနှစ်သာရနှင့် လုပ်ငန်းနယ်ပါယ်
ကမ္ဘာ့ဘဏ်၊ ADB၊ IDB၊ IMF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများသည် နိုင်ငံတကာစံနှုန်းများကို အခြေခံ (Underlying Principles)အဖြစ် လိုက်နာကြသည်။
ကမ္ဘာ့ဘဏ်၊ ADB၊ IDB၊ IMF တို့၏ လုပ်ငန်းနယ်ပါယ်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေးငွေထုတ်ချေးသောလုပ်ငန်းနယ်ပါယ်ဖြစ်သည်။
ထိုလုပ်ငန်းနယ်ပါယ်များတွင် ရည်ရွယ်ချက်အား အကောင်အထည်ဖော်ရာ၌ ILO စံနှုန်းကဲ့သို့ နိုင်ငံတကာစံနှုန်းများကို လိုက်နာကြအကောင်အထည်ဖော်ကြသည်။ လိုက်နာရန်လည်း ဖိအားတွန်းအားများပေးသည်။ (ဆိုလိုသည်က အင်တာပို(နိုင်ငံတကာ ရဲတပ်ဖွဲ့)ပင်ဖြစ်စေ၊ WHO ပင်ဖြစ်စေ၊ ICRC ပင်ဖြစ်စေ၊ ICJ ဖြစ်စေ မိမိတို့အဖွဲ့အစည်းများ ၏သက်ဆိုင်ရာမတူညီသောလုပ်ငန်းစဉ်နယ်ပါယ်များတွင် နိုင်ငံတကာစံနှုန်းများ၏ အခြေခံအနှစ်သာရကို လက်ကိုင်ထားကြသည့် သဘောကိုဆိုလိုရင်းဖြစ်သည်။)
ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ လက်ကိုင်ထားသောမြေသိမ်းယူမှုဆိုင်ရာအခြေ ခံအချက်များမှာ…
-ဖြစ်နိုင်ပါကမြေသိမ်းဆည်းရမည့်အရေးနှင့် လူပြောင်းရွှေ့ရမည့်အရေးကို လုံးဝရှောင်ရှားပေးခြင်း(Avoid First)
-လုံးဝရှောင်လွှဲ၍မရပါက ထိခိုက်မှုကို အနည်းဆုံး(Minimize)ဖြစ်အောင် စီမံကိန်းဒီဇိုင်းကိုပြင်ဆင်ခြင်း။
-ထိခိုက်နစ်နာရသူများ၏ပစ္စည်းဥစ္စာများကို လက်ရှိပေါက်ဈေး(Replace ment Cost)အတိုင်း အပြည့်အဝလျော်ကြေးပေးခြင်း(Compensate)၊အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုအဆင့်အတန်းကိုမူလအခြေအနေ(သို့)မူလအခြေအနေထက်ပိုကောင်းအောင် ပြန်လည်ထူထောင်ပေးခြင်း(Restore)တို့ကို အခြေခံထားခြင်းဖြစ်သည်။
ဤမူဝါဒစံနှုန်းကြီးများသည် စီမံကိန်းအကောင်အထည်ဖော်သူများ(အစိုးရ သို့မဟုတ် ပုဂ္ဂလိက)အနေဖြင့် ဒေသခံပြည်သူများ၏အခွင့်အရေးကို လေးစားလိုက်နာစေရန် ဥပဒေကဲ့သို့ တာဝန်ခံခိုင်းသည့်အဓိက မဏ္ဍိုင်ကြီးများဖြစ်သည်။
ထိုစံနှုန်းများကို မလိုက်နာပါက မလိုက်နာသည့်လူ့အဖွဲ့အစည်းများအား ကမ္ဘာ့ဘဏ်၊ADB၊IDBတို့မှမည်သို့ အရေးယူပြစ်ဒဏ်ပေးသည်ကို ထပ်မံဖော်ပြပါမည်။
ဆက်ရန်…










