Border News Agency
မောင်တော၊ ဇွန် ၁၁။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့စစ်တပ်ရဲ့အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၁၆ သန်းကျော်ဟာ အသက်ရှင်သန်ရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အရေးပေါ်လိုအပ်နေတယ်လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့ရေးရာအဆောက်အဦတွေကို ဖျက်ဆီးတာ၊အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်တာတွေကြောင့် ကျန်းမာရေးကဏ္ဍနဲ့စားနပ်ရိက္ခာ ထောက်ပံ့ရေးစနစ်တွေဟာ လုံးဝဥဿုံပြိုလဲသွားခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် အကြမ်းဖက်မှုတွေနဲ့ အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိပိတ်ဆို့ထားတဲ့အတွက် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) အရေအတွက်ဟာ ၃.၇ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ဆိုပါတယ်။
ဒီအကျပ်အတည်းရဲ့ဒဏ်ကို အမျိုးသမီးတွေနဲ့ကလေးငယ်တွေက အဆိုးရွားဆုံးခါးစည်းခံနေရတာဖြစ်ပါတယ်။
ကလေးသူငယ် ၅ သန်းအပါအဝင် လူပေါင်း ၁၆.၂ သန်းဟာ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အကူအညီတွေကို မျှော်လင့်နေရသလို ၁၂ သန်းကျော်ကလည်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ပြင်းထန်စွာရင်ဆိုင်နေရပါတယ်။
ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ကျားမအခြေပြုအကြမ်းဖက်မှုတွေမြင့်တက်လာပြီး လိင်ပိုင်းဆိုင်ရာနဲ့မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေရရှိဖို့လည်း ပိတ်ပင်ခံထားရပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေဟာ အလိုအပ်ဆုံးသူတွေအတွက် တခုတည်းသော အသက်သွေးကြောဖြစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ ဒီလိုလေးလံလှတဲ့ စိန်ခေါ်မှုတွေကြားကနေပဲဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီဦးတည်ပြီးအင်ပြည့်အားပြည့် ကြိုးပမ်းနေကြတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂအနေနဲ့လည်း မြန်မာအမျိုးသမီးတွေနဲ့ ပြည်သူတွေရဲ့ဘက်မှာ ခိုင်ခိုင်မာမာရပ်တည်ပေးဖို့နဲ့ ဒီအကျပ်အတည်းတွေကိုကျော်လွှားနိုင်အောင် အရေးပေါ် ကူညီဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။










