Border News Agency
ပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေဟာ ထောက်ပံ့မှုတွေမရှိသလောက်နည်းနေတာမို့ စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့နေကြသလို ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အပြင်းအထန်ရင်ဆိုင်နေကြရတာပါ။
“ကျနော်တို့မှာဘာအလုပ်မှ နည်းနည်းပါးပါးတောင်ရှိကြတာမဟုတ်ပါဘူး။ဒီမှာနေကြတဲ့ လူတွေမှာလည်းဘာအလုပ်မှရှိကြတာမဟုတ်ပါဘူး။ဆန်ဈေးတွေတက်နေပါတယ်။အရင်ကတောင်းစားရမှာ ရှက်တဲ့သူတွေတောင် အခုလမ်းမပေါ်မှာအိတ်တွေနဲ့ တောင်းစားတတ်လာကြပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတာဝန်ခံအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမှာအရင်ကစပါးတောင်းတရာကိုရှစ်သိန်းကျပ်ခန့်သာရှိခဲ့တဲ့ ပေါ်ဆန်းမွေးစပါးဟာ လက်ရှိမှာနှစ်ဆယ့်လေးသိန်းထိမြင့်တက်သွားသလို ကောက်ချေစပါးမှာလည်း ဆယ့်ကိုးသိန်းမှသိန်းနှစ်ဆယ်ကြားထိ စျေးတက်နေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလိုစျေးတွေတက်နေတာကြောင့် စစ်ဘေးရှောင်တွေအတွက် နောက်ဆက်တွဲဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“စပါးစျေးတက်တာက လယ်သမားတွေအတွက်အဆင်ပြေတာပေါ့။ကျနော်တို့ စစ်ဘေးရှောင်တွေအတွက်ကျတော့ အဆင်မပြေတော့ပါဘူးး။ဆန်စျေးတွေတအားတက်သွားပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှစစ်ဘေးရှောင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ပေးမှုတွေလုံလောက်စွာမရတာမို့ စစ်ဘေးရှောင်တွေငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအသက်ဆက်နိုင်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊နိုင်ငံတကာအလှူရှင်တွေ၊ပြည်တွင်း၊ ပြည်ပအလှူရှင်တွေနဲ့ ကူညီရေးအဖွဲ့အစည်းတွေ စားနပ်ရိက္ခာတွေကူညီပေးကြဖို့ စစ်ဘေးရှောင်တွေတောင်းဆိုနေကြပါတယ်။






