Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၂၀။
စစ်တွေနဲ့ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွေမှာ ဖမ်းဆီးရထားတဲ့အာဏာသိမ်းစစ်သားတွေနဲ့လက်နက်ခဲယမ်းတွေကို အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်ကျေးရွာနဲ့အမြင့်ကျွန်းကျေးရွာကြား စက်တင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲမှာ ပခုက္ကူအခြေစိုက်အမှတ်(၁၀၁) တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေမှ စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းတွေကိုလက်ရ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
“သူတို့ညွှန်ကြားထားတာကတော့ ဒီရခိုင်ပြည်ကြီးကိုအမြစ်ပါမကျန် သုတ်သင်လင်းပစ်ဖို့အတွက်အမြို့မြို့ အနယ်နယ် အဘက်ဘက်မှ သူတို့စစ်မြေပြင်ကို ဖြန့်ပြီးတော့မှစစ်ခင်းထားပါတယ်။ ဒီရခိုင်နဲ့တွေ့လို့ရှိရင် ဘာမှမချန်နဲ့၊မိန်းမသားလည်း မချန်နဲ့၊ ယောက်ျားသားလည်း မချန်နဲ့၊ ကလေးသူငယ်လည်း မချန်နဲ့၊ အမြစ်ပါမကျန် သုတ်သင်လင်းပစ်ဖို့ မိန့်မှာကြားထားပါတယ်။”လို့ စစ်သုံ့ပန်းတပ်သား မိုင်ကယ်ကပြောပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်အရ အာရက္ခပြည်ထိုးစစ်အတွင်း အာဏာသိမ်းစစ်တပ်က အမျိုးသမီး၊ကလေးနဲ့ မျိုးနွယ်စုတွေကိုပါ အမြစ်ပါမကျန်သုတ်သင်ရှင်းလင်းဖို့ အထက်အရာရှိတွေက အမိန့်ပေးထားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်သို့ ထိုးစစ်ဆင်ရာမှာ စစ်တပ်အရာရှိတွေက လက်အောက်ငယ်သားတွေကိုသာ အသေခံခိုင်းပြီး သူတို့ကိုယ်တိုင်ထွက်ပြေးနေကြတယ်လို့ဆိုပါတယ်။
“ဖမ်းခံရတဲ့အချိန်မှာ ဟိုဘက်က အင်အားများတယ်ဆိုပြီးတော့ တပ်စိပ်မှူးကထပြန်လာခေါ်မယ်လို့ ပြောပြီး ထားခဲ့တာ။ ကျနော်တို့အဖမ်းခံလိုက်ရတာ။နောက်ကို ဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ်လို့ ပြောတယ်။သူတို့ကတော့ အပေါ်ကပဲနေတယ်။ အရစ်အရစ်အတွက် ရအောင်ယူတယ်။ ရာထူးတိုးရအောင်ယူတယ်။” လို့ စစ်သုံ့ပန်း တပ်သားအောင်ပြည့်စုံကပြောပါတယ်။
စစ်တပ်အရာရှိတွေက သစ္စာမရှိသလို ကိုယ်ချင်းစာစိတ်လည်းမရှိဘဲ ထွက်ပြေးရင် ပစ်သတ်မယ်လို့ခြိမ်းခြောက်ထားတာကြောင့် ထိုကျန်ရှိနေတဲ့ တပ်သားတွေအနေနဲ့ လွတ်အောင်ပြေးကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကို စိတ်နာနေပြီဖြစ်လို့ အာရက္ခတပ်တော် အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်လိုတယ်လို့ စစ်သုံးပန်းတွေကဆိုကြပါတယ်။











