Border News Agency
စစ်ကိုင်း၊စက်တင်ဘာ ၂၀။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်းဧရာဝတီမြစ်ရိုးတလျှောက်မှာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတဆယ့်ငါးကြိမ်မှာ အာဏာသိမ်းစစ်တပ်ဘက်မှ တရာကျော်သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်းက စက်တင်ဘာလ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ၂၄ ရက်မှ ၂၀၂၆ ခုနှစ်၊ဇူလိုင်လ ၃၁ ရက်အထိ ခုနှစ်လတာအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၃၃၊ ခမရ ၁၂ ၊ ခမရ ၁၃နဲ့ မင်းကွန်း ပြည်သူ့စစ်ပူးပေါင်းအင်အားသုံးရာခန့်ရှိစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံစစ်မှထိုးစစ်အသွင်ပြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီစစ်ဆင်ရေးကို အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တပ်ရင်းပေါင်းများစွာ၊ ဗျူဟာတွေနဲ့ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်းအာဏာသိမ်းစစ်တပ်ဆီမှ ကားလေးစီးနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့သလို ဂျမ်ဘာကားတစီးနဲ့ ဒရုန်းနှစ်စီးတို့ကိုလည်း ပစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာအချို့မှာ တပ်စွဲကာပြည်သူ့ပစ္စည်းတွေကို ရေကြောင်းမှသယ်ထုတ်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေလုပ်နေတာကြောင့် ဝက်လက်အရှေ့ခြမ်း အမှတ် ၃ လမ်းပိုင်းကို အသုံးပြုတဲ့ခရီးသွားပြည်သူတွေအထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။



















