Border News Agency
နီပေါ၊ စက်တင်ဘာ ၂၀။
နီပေါနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဒေသအသီးသီးက ပြည်တွင်း၊ပြည်ပနိုင်ငံသား ၄,၁၉၅ ဦးကို နီပေါတပ်မတော်ရဲ့လေကြောင်းအကူအညီနဲ့ ဘေးလွတ်ရာကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ နီပေါတပ်မတော်က စက်တင်ဘာလ ၁၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအပြင် Mathillotrishuli1 ရှိ Audit-3 လိုဏ်ခေါင်းအတွင်း ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့က ရှာဖွေမှုတွေပြုလုပ်ခဲ့ရာမှာ သေဆုံးသူရုပ်အလောင်း ၁၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး တပ်မတော်ရဟတ်ယာဉ်နဲ့ Trishuli ဆီ သယ်ဆောင်ပေးခဲ့ကာ ကျန်ရှိနေသေးတဲ့ လိုဏ်ခေါင်းနေရာတွေမှာလည်း ဆက်လက်ရှာဖွေနေပါတယ်။
နီပေါတပ်မတော်အင်အား ၈,၇၀၀ ကျော်ဟာ Rasuwa၊ Nuwakot၊ Dhading၊ Chitwan နဲ့ နာဝါပါရာစီ ဒေသတွေမှာ ကူညီကယ်ဆယ်ရေး၊ ရုပ်အလောင်းတွေကူညီသယ်ဆောင်ပေးရေး၊ ကယ်ဆယ်ရေးပစ္စည်းတွေဖြန့်ဝေပေးရေး၊ ပိတ်ဆို့နေတဲ့ လမ်းနဲ့တံတားတွေပွင့်လင်းစေရေးတို့ကို တက်ကြွစွာဆောင်ရွက်ပေးနေပါတယ်။
အဲဒီအပြင် ဆက်သွယ်ရေးပြတ်တောက်နေတဲ့ အဝေးရောက်ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပို့ဆောင်နိုင်ဖို့ ဒရုန်းတွေအသုံးပြုကာ ရှာဖွေကူညီမှုတွေပြုလုပ်နေပြီး ဆေးကုသရေးစခန်းတွေမှတဆင့် ထိခိုက်ဒဏ်ရာရသူ ၃,၉၉၆ ဦးကိုလည်း အရေးပေါ်ဆေးဝါးကုသမှုတွေပေးထားပါတယ်။
ရေကြီးမှုကြောင့် ပိတ်ဆို့နေသည့် Prithvi Highway လမ်းပိုင်းရှိ Sheetal Bazar လမ်းကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိတဲ့လိုဏ်ခေါင်းတွေနဲ့ ရေအားလျှပ်စစ် စီမံကိန်းနေရာအသီးသီးမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေတယ်လို့ ဆိုပါတယ်။










