Border News Agency
ဘူးသီးတောင်၊ စက်တင်ဘာ ၂၀။
Justice for Arakan Telegram Channel ဆီ တိုင်ကြားလိုတဲ့ အာရက္ခပြည်သူတွေအနေနဲ့ နည်းပညာအခက်အခဲကြောင့် ဖုန်းနဲ့စာရိုက်ဖို့ မလွယ်ကူရင် စာရွက်ပေါ်မှာ ဘောပင်နဲ့ရေးသားပြီး ဖုန်းနဲ့ဓာတ်ပုံရိုက်ကာ ပေးပို့တိုင်ကြားနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဆိုပါတယ်။
အဲဒီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အမြဲတမ်းအတွင်းဝန်ရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးမမြဇံဝေက ရှင်းပြတာပါ။
အင်တာနက်လိုင်းအခက်အခဲနဲ့ နည်းပညာအသုံးမပြုတတ်တဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ခံစားနေရတဲ့နစ်နာချက်တွေကို စာရွက်ပေါ်မှာ စာအဖြစ်သေချာရေးသားပြီး ဓာတ်ပုံရိုက်ပေးပို့နိုင်အောင် စီစဉ်ပေးထားတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီတိုင်ကြားစာတွေရောက်ရှိလာရင် သက်ဆိုင်ရာတာဝန်ခံတွေက သေချာမှတ်ပုံတင်ပြုလုပ်ပြီး မြေယာမှု၊တရားရေးမှုနဲ့ အခြားကိစ္စရပ်တွေအလိုက် သက်ဆိုင်ရာဗဟိုရုံးတွေကိုဆက်လက်ချိတ်ဆက်အကြောင်းကြားပေးနေတာပါ။
အဲဒီအအပြင်တိုင်ကြားစာတွေအပေါ် သက်ဆိုင်ရာဌာနအဆင့်ဆင့်က ဆောင်ရွက်ပေးထားတဲ့ အခြေအနေတွေကို တုံ့ပြန်လာရင်တိုင်ကြားထားသူပြည်သူတွေကို ဥပဒေကြောင်းအရ အကူအညီနဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့်လမ်းညွှန်ချက်တွေကိုပါ ပြန်လည် ကူညီပေးနေတာဖြစ်ပါတယ်။
သီးခြားအကူအညီလိုအပ်တဲ့အမှုတွေမှာဆိုရင်လည်း ဗဟိုကော်မတီရဲ့ အကြံပြုချက်နဲ့အတူ ကော်မရှင်အဖွဲ့တွေဖွဲ့စည်းပြီး မြေပြင်ဆင်း စုံစမ်းစစ်ဆေးတာတွေကိုပါ ဆောင်ရွက်ပေးနေတယ်လို့လည်းဆိုပါတယ်။
အာရက္ခပြည်သူအများစုကတော့ Justice for Arakan Telegram Channel ကို မသိကြသေးသလို တယ်လီဂရမ်အသုံးပြုမရကြတာတွေ၊ အင်တာနက်အခက်အခဲတွေကြောင့် တိုင်ကြားဖို့အခက်အခဲဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။








