Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၁။
အာရက္ခပြည်သူတွေရဲ့အသံကို တိုက်ရိုက်နားထောင်နိုင်ဖို့ ဖွင့်လှစ်ထားတဲ့ Justice for Arakan Telegram Channel ဆီ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှ၂၀၂၆ ခုနှစ်၊ဩဂုတ်လကုန်ထိ စုစုပေါင်းတိုင်ကြားစာခုနှစ်ရာ့လေးဆယ်တခုရှိလာတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဆိုပါတယ်။
အဲဒီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အမြဲတမ်းအတွင်းဝန်ရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးမမြဇံဝေက ဆိုပါတယ်။
အဲဒီတိုင်ကြားစာတွေကို ကနဦးကာလတွေမှာ စစ်ရုံးချုပ်နဲ့အမြဲတမ်းအတွင်းဝန်ရုံးက တာဝန်ယူဖြေရှင်းပေးခဲ့ပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့တရားရေး၊မြေယာစီမံခန့်ခွဲမှုနဲ့ ဒီလပ် (DELAP) စတဲ့ သက်ဆိုင်ရာဌာနတွေကို အဆင့်ဆင့်စနစ်တကျလွှဲပြောင်း အရေးယူဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။
Justice for Arakan အနေနဲ့ တိုင်ကြားစာတွေရောက်လာရင် မြေယာ၊တရားရေးနဲ့ အခြားကိစ္စရပ်တွေအလိုက် ဥပဒေကြောင်းအရအကြံဉာဏ်ပေးနိုင်ဖို့ ဥပဒေအရာရှိတွေ သီးခြားခန့်အပ်ထားသလိုလိုအပ်တဲ့အမှုတွေမှာ ကော်မရှင်အဖွဲ့တွေဖွဲ့စည်းပြီး မြေပြင်ဆင်းစုံစမ်းစစ်ဆေးတာတွေကိုပါ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Justice for Arakan ဟာ ရုံးဌာနတွေရဲ့ စီရင်ပိုင်ခွင့်အာဏာကိုဝင်ရောက်စွက်ဖက်ပြီး အမှုအနိုင်အရှုံးဆုံးဖြတ်ပေးတဲ့ဌာနမဟုတ်ဘဲ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ မှန်/မမှန် စိစစ်တည့်မတ်ပေးတဲ့ ပလပ်ဖောင်းသာဖြစ်တယ်လို့ မမြဇံဝေကရှင်းလင်းထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ပြည်သူတွေရဲ့တိုင်ကြားချက်တွေပေါ်အခြေခံပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေရေးရာစနစ်တွေကို ပိုမို ကောင်းမွန်လာအောင် ပြုပြင်တည်ဆောက်နေတယ်လို့ ဆိုပါတယ်။






