Border News Agency
အီရန်၊ ဇွန် ၁၁။
အမေရိကန်နဲ့အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေအကြီးအကျယ်ဖြစ်ပွားနေပြီး အီရန်နိုင်ငံက ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဒရုန်းနဲ့ မစ်ဇိုင်းဒုံးကျည်တွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်ဘက်ကလည်း အီရန်နိုင်ငံထဲက ကာရာ့ဂ်မြို့နဲ့ ဟော်မုဇ်ရေလက်ကြားအနီးက ဆိပ်ကမ်းတွေကိုဦးတည်ပြီး လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို နောက်ထပ်အမိန့်မထုတ်မချင်း ပိတ်ထားလိုက်တယ်လို့ ကြေညာလိုက်ပြီး အဲဒီရေလမ်းကြောင်းကို ဖြတ်သန်းလာတဲ့ ဘယ်သင်္ဘောကိုမဆို ပစ်ခတ်မယ်လို့လည်း သတိပေးထားပါတယ်။
ဒီပဋိပက္ခဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေပျက်ပြားလာပြီးနောက်ပိုင်း အခုလိုမျိုး တကျော့ပြန်တင်းမာလာတာပါ။
သမ္မတထရန့်ကတော့ အီရန်အနေနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ နှောင့်နှေးနေတဲ့အတွက် ကြီးလေးတဲ့တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားသလို အီရန်သမ္မတကလည်း သူတို့နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုတွေဟာ အားနည်းချက်ကို ဖော်ပြနေတာသာဖြစ်ပြီး အရှုံးမပေးဘဲ ဆက်လက်ခုခံသွားမယ်လို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရေနံနဲ့ စားနပ်ရိက္ခာဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် နိုင်ငံတကာက စိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။










