Border News Agency
ထိုင်း၊ ဇူလိုင် ၂၇။
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ သာလန်းမြို့နယ် တန်ဆိုင်းရေတံခွန်အဝင်လမ်းမှာ ဇူလိုင်လ ၂၆ ရက်၊ ညနေပိုင်းက မြန်မာယာဉ်မောင်းတဦး မော်တော်ဆိုင်ကယ်တွေကိုဝင်တိုက်ခဲ့တာကြောင့် လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအသက်လေးဆယ်နှစ်နှစ်အရွယ် မြန်မာအမျိုးသားဦးအောင်မင်းဦးမောင်းနှင်လာတဲ့ ပစ်ကပ်ကားဟာ ရေတံခွန်မှလာချိန်ဆိုင်ကယ်တစီးကို စပြီးဝင်တိုက်ခဲ့ပါတယ်။
အဲဒီလိုဝင်တိုက်ပြီးတဲ့နောက်ထွက်ပြေးချိန်မှာလည်း မီတာတရာခန့်အကွာမှာ နောက်ထပ် ဆိုင်ကယ်သုံးစီးကို ထပ်ပြီးဝင်တိုက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် အသက်နှစ်ဆယ့်လေးနှစ်အရွယ် အမျိုးသားတဦးနဲ့ အသက်လေးဆယ်ငါးနှစ်အရွယ် အမျိုးသမီးတဦးတို့ ဆေးရုံမှာသေဆုံးသွားခဲ့ပြီး အခြားအမျိုးသားနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့တာပါ။
အဲဒီဖမ်းဆီးရမိတဲ့ မြန်မာယာဉ်မောင်းမှာ အရက်သေစာသောက်စားထားပြီး စစ်ဆေးချက်အရတရားဝင်သတ်မှတ်ထားတဲ့ အယ်လ်ကိုဟော ပမာဏထက်များစွာ လွန်ကဲနေတာကို တွေ့ရှိရပါတယ်။
သူ့ကိုသာလန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။










