Border News Agency
ထိုင်း၊ အောက်တိုဘာ ၁၃။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာလ ၁၄ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီ CI စခန်းတွေကို စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီစတဲ့ ခရိုင်ငါးခုမှာ ဖွင့်ပေးသွားမှာပါ။
အဲဒီ CI လျှောက်ထားလိုတဲ့ အလုပ်သမားတွေအနေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ကုန်ကျစရိတ် ဘတ်နှစ်ထောင်ခြောက်ရာခြောက်ဆယ်ပေးသွင်းပြီး မိမိပြုလုပ်လိုတဲ့ စခန်းနဲ့ ရက်ချိန်းကို ရွေးချယ်နိုင်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် လျှောက်ထားရာမှာ မိမိတို့ရတဲ့ အခြေခံလုပ်ခလစာသုံးလစာ စုစုပေါင်းရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းကို မိသားစုဆီ ပြန်လွှဲပို့ထားတဲ့အထောက်အထားတွေကိုပါ ပူးတွဲတင်ပြရမယ်လို့လည်းဆိုပါတယ်။
အလုပ်သမားတွေ 7-Eleven မှရရှိတဲ့ပြေစာနဲ့အတူ ရက်ချိန်းယူထားတဲ့စခန်းကို ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင် အစီအစဉ်နဲ့ဖြစ်စေ သွားရောက် လျှောက်ထားနိုင်ပြီး အဆင်မပြေမှုတွေရှိရင် သက်ဆိုင်ရာ သံအရာရှိရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။








