Border News Agency
ပရာဂ်၊ အောက်တိုဘာ ၁၂။
ချက်သမ္မတနိုင်ငံ၊ပရာဂ်မြို့မှာကျင်းပတဲ့ အကြိမ်သုံးဆယ်မြောက် Forum 2000 ညီလာခံမှာ မြန်မာနိုင်ငံကအထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အပြည်ပြည်ဆိုင်ရာ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာဆုကို ပူးတွဲဆွတ်ခူးရရှိခဲ့ကြပါတယ်။
အဲဒီဆုကို မြန်မာနိုင်ငံမှ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့တာဖြစ်ပြီး GSCB အဖွဲ့နဲ့အတူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုထက်မြတ်အေင်တို့ကပါ ပူးတွဲ ဆွတ်ခူးရရှိခဲ့ကြတာဖြစ်ပါတယ်။
ဆုပေးပွဲအခမ်းအနားကို ဆုရှင်တွေ ကိုယ်တိုင်မသွားရောက်နိုင်ခဲ့ကြတဲ့အတွက် ကိုယ်စားလှယ်တွေက တက်ရောက်လက်ခံရယူခဲ့ကြပါတယ်။
ခုလိုချက်နိုင်ငံအခြေစိုက် ဖောင်ဒေးရှင်းကနေ ဂုဏ်ပြုချီးမြှင့်လိုက်တာဟာ မြန်မာနိုင်ငံအတွင်းဖိနှိပ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နေကြတဲ့ ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ကမ္ဘာ့က လေးစားအသိအမှတ်ပြုလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ထိ ဆက်လက်ကျင်းပသွားမယ့် ညီလာခံကြီးကနေတဆင့် မြန်မာပြည်သူတွေရဲ့ တရားမျှတမှုအတွက် အကြမ်းမဖက်တိုက်ပွဲဝင်နေမှုတွေကို နိုင်ငံတကာကမမေ့လျော့သေးဘူးဆိုတာကို သက်သေတခုလည်းဖြစ်ပါတယ်။









