Border News Agency
မီဇိုရမ်၊ အောက်တိုဘာ ၁၃။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ဆာချစ်ပ်ခရိုင်မှာ မြန်မာနိုင်ငံဘက်မှတရားမဝင်တင်သွင်းလာတဲ့ အိန္ဒိယရူပီခြောက်ဆယ်သုံးသိန်းကျော်တန်ဖိုးရှိ ကွမ်းသီးခြောက်အိတ်နှစ်ရာ့ရှစ်ဆယ်
ကို ကုန်တင်ယာဉ်သုံးစီး၊ ယာဉ်မောင်းသုံးဦးတို့နဲ့အတူ အောက်တိုဘာလ ၁၀ ရက်နေ့ကဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးမှုကို ခရိုင်ရဲတပ်ဖွဲ့၊ East Lungdar ကင်းစခန်းနဲ့ North Vanlaiphai ရဲစခန်းတို့ ပူးပေါင်းအဖွဲ့က East Lungdar ဒေသမှာ စစ်ဆေးရှာဖွေမှုတွေပြုလုပ်စဉ် စုစုပေါင်းအလေးချိန်နှစ်ဆယ့်တတန်ရှိတဲ့ကွမ်းသီးခြောက်တွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အသက်သုံးဆယ်အရွယ် Lalnunpuia မောင်းနှင်လာတဲ့ယာဉ်ပေါ်မှကွမ်းသီးခြောက် အိတ်တရာ့နှစ်ဆယ်၊အသက်ဆယ့်ကိုးနှစ်အရွယ် John Langzathang မောင်းနှင်လာတဲ့ ယာဉ်ပေါ်မှ အိတ်ရှစ်ဆယ်နဲ့ အသက်ဆယ့်ကိုးနှစ်အရွယ် Laldanmawia မောင်းနှင်လာတဲ့ ယာဉ်ပေါ်မှ အိတ်ရှစ်ဆယ်တို့ကိုစစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီဖမ်းဆီးရမိထားသူယာဉ်မောင်းသုံးဦး၊ ကုန်တင်ယာဉ်တွေနဲ့ သက်သေခံပစ္စည်းအားလုံးကို ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Keitum မြို့ရှိ အကောက်ခွန်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဆီလွှဲပြောင်းထားပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွေမှာ အခုလိုကွမ်းသီးခြောက်အပါအဝင် ကုန်ပစ္စည်းတွေကိုတရားမဝင်မှောင်ခိုတင်သွင်းမှုတွေကို အိန္ဒိယအာဏာပိုင်တွေက ဆက်လက်တား
ဆီးစစ်ဆေးနေပါတယ်။









