နတ်သျှင်မေ ရေးပါတယ်။
Border News Agency
ကော့ဘဇား၊ အောက်တိုဘာ ၂၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာအမျိုးသမီးတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသလို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီမျိုးဆက်ပွားကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေဟာ ရိုဟင်ဂျာအမျိုးသမီးတွေ ကိုယ်စိတ်နှစ်ပါးကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုံလောက်တာတွေကြောင့်လည်း ဒုက္ခပေါင်းစုံရောက်ကြရတယ်လို့ ရိုဟင်ဂျာအမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုံခြုံစိတ်ချရတဲ့မွေးဖွားဖို့အတွက် အခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် သားဖွားမီးယပ်ဆရာဝန်တွေ၊သူနာပြုတွေ၊ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေမရှိတာကလည်း ရိုဟင်ဂျာအမျိုးသမီးတွေအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“စခန်းထဲမှာက ကျန်းမာရေးဆေးပေးခန်းတွေတော့ထားပေးပါတယ်။ ဒါပေမယ့် ဒီမှာက လူဦးရေအရမ်းများတော့ အခက်အခဲတွေရှိတာပေါ့။ လူများတော့ ဆေးဝါးတွေမလုံလောက်တာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ လုံလုံလောက်လောက်မရှိတာတွေက ကိုယ်ဝန်ဆောင်တွေမှာကလေးမွေးဖွားဖို့အရမ်းကိုအခက်အခဲရှိပါတယ်။” လို့ ရိုဟင်ဂျာအမျိုး သမီးတဦးက ပြောပါတယ်။
အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဒုက္ခသည်စခန်းတွေရဲ့ ကျယ်ပြန့်မှုနဲ့သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် အရေးပေါ် မွေးဖွားရတာတွေ၊ ဆေးကုသမှုခံယူဖို့အတွက် ကျန်းမာရေးဌာနကို အချိန်မီသွားရောက်ဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် အသက်ကယ်တင်နိုင်မယ့် အရေးပေါ်ဝန်ဆောင်မှုတွေလိုအပ်တဲ့အခါ စခန်းတွင်းမှာလုံလောက်တဲ့ဆေးရုံ၊ ဆေးခန်းတွေမရှိသလို၊ အခြေအနေ ဆိုးရွားတဲ့လူနာတွေကို ဆေးရုံကြီးတွေဆီလွှဲပြောင်းပေးပို့တဲ့စနစ်ကလည်း ထိရောက်မှုမရှိတာမို့ အချိန်နှောင့်နှေးမှုအခက်အခဲတွေလည်း ရှိနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီအမျိုးသမီးအများစုဟာ သန့်ရှင်းမှုမရှိတဲ့ဝါးတဲတွေထဲမှာပဲ ကျွမ်းကျင်မှုနည်းပါးတဲ့ ရိုးရာသားဖွားဆရာမတွေရဲ့အကူအညီနဲ့သာ မီးဖွားနေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့်မိခင်နဲ့မွေးကင်းစကလေးငယ်နှစ်ဦးစလုံးအတွက် သွေးထွက်လွန်တာ၊ ပြင်းထန်တဲ့ပိုးဝင်တာစတဲ့ အသက်အန္တရာယ်ရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်ကိုယ်ဝန်ပျက်ကျတာတွေ၊ မွေးကင်းစကလေးသေဆုံးတာတွေနဲ့ မွေးဖွားစဉ်အသက်အန္တရာယ်ရှိတဲ့အခြေအနေတွေပိုပြီးများလာတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ငွေကြေးအခက်အခဲကြောင့်လည်း အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေ ဝယ်မစားနိုင်တာမို့ ကလေးတွေရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
“ဒီမှာက နေရတာလည်း အခက်အခဲ၊ စားရတာလည်းအခက်အခဲ အကူအညီပေးတာတွေတော့ရှိပေမယ့် အဲဒါနဲ့က မလုံလောက်ဘူးလေ။ ကိုယ်ဝန်ဆောင်နေပေမယ့်လည်း အာဟာရပြည့်ဝတဲ့အ စားအစာတွေစားဖို့က မတက်နိုင်ဘူး။ အသားဆိုရင် တလနေလို့တခါမစားရဘူး။ ပိုက်ဆံမှမရှိတာ။ မိခင်က အာဟာရပြည့်ဝတဲ့အစားအစာတွေမစားရရင် ဗိုက်ထဲမှာရှိတဲ့ကလေးက ဘယ်လိုလို့ကြီးထားနိုင်မှာလည်း။” လို့ ကိုယ်ဝန် ဆောင်ရိုဟင်ဂျာအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုအာဟာရပြည့်ဝတဲ့အစားအစာတွေမစားသုံးနိုင်တာက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီးသွေးအားနည်းတာ၊ ကိုယ်ဝန်ဆိပ်တက်တာနဲ့ လမစေ့ဘဲမွေးဖွားနိုင်ခြေတွေ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသက်လုထွက်ပြေးလာခဲ့ကြရသူတွေဖြစ်ပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁,၁၆၂,၉၃၉ ဦးရှိပြီး အဲဒီအထဲမှာ ၇၈ ရာခိုင်နှုန်းဟာအမျိုးသမီးတွေ၊ ကလေးတွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှပြီးခဲ့တဲ့စက်တင်ဘာ လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးတွေဟာ မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးမှုတွေမရကြသလိုကလေးငယ်တွေဟာလည်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
ပိုပြီးစိုးရိမ်စရာကောင်းတာကတော့ မွေးဖွားလာမယ့်ကလေးငယ်တွေဟာ ကိုယ်အလေးချိန်မပြည့်ဘဲမွေးဖွားလာတာမျိုး၊ဉာဏ်ရည်နဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုတွေ နှေးကွေးတာတွေအပြင်၊ရေ ရှည်မှာနာတာရှည်ရောဂါတွေဖြစ်နိုင် ခြေလည်းပိုများလာနိုင်တယ်လို့ ကျန်း မာရေးပညာရှင်တွေက သတိပေးထားပါတယ်။
အဲဒါကြောင့် မိခင်တွေနဲ့ကလေးငယ်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအ တွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ ရိုဟင်ဂျာအမျိုးသမီးတွေက ဆိုကြပါတယ်။
“ဒီမှာက တချို့မိသားစုတွေမှာဆိုရင် လူဦးရေများတယ်။ကလေးမိခင်တွေ၊ကိုယ်ဝန်ဆောင်တွေရှိပေမယ့်လည်း သူတို့မှာမိသားစုတွေများတော့ အခက်အ ခဲတွေအများကြီးရှိတာပေါ့။ကျန်းမာ ရေးစောင့်ရှောက်မှုတွေကို အပြည့်အဝရချင်ပါတယ်။ဒါမှလည်း ဒီကလူတွေ အထူးသဖြင့် ကလေးတွေ၊ သက်ကြိီးရွယ်အိုတွေ၊ ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေမှာပါ။” လို့ ရိုဟင်ဂျာအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေဟာ စိုးရိမ်စရာအဆင့်ကိုရောက်ရှိနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
ရိုဟင်ဂျာတွေရဲ့မိခင်သေဆုံးမှုနှုန်း (M MR)ဟာ အသက်ရှင်မွေးဖွားကလေးတ သိန်း(၁၀၀,၀၀၀)မှာ လေးရာ(၄၀၀)ဦးခန့်ထိမြင့်မားနေပြီး ဒါဟာ ဒေသတွင်း ပုံမှန်နှုန်းထက်နှစ်ဆကျော်ပိုများနေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ ငယ်ရွယ်စဉ်ကိုယ် ဝန်ဆောင်မှုတွေနဲ့အတူကျန်းမာရေးဝန် ဆောင်မှုအားနည်းချက်တွေပေါင်းစပ်ပြီး ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာနေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်မှုမြင့်မားနေပြီး သန္ဓေတားနည်းလိုအပ်ချက်တွေများပြားနေသလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုမှုနှုန်းလည်း မြင့်မားနေကာ အမျိုးသမီး ၂၈.၃ ရာခိုင်နှုန်းခန့် ဟာအသက် ၁၈ နှစ်မတိုင်ခင်အိမ်ထောင်ပြုခဲ့ကြရတယ်လို့ ကုလသ မဂ္ဂအဖွဲ့တွေရဲ့စစ်တမ်းတွေက ဖော်ပြပါတယ်။
အဲဒီလို ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်တဲ့ ဆယ်ကျော်သက်တွေရဲ့ ၈၄.၅ ရာခိုင်နှုန်းခန့် ဟာ အသက် ၁၈ နှစ်မပြည့်ခင် ကိုယ်ဝန်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်သန္ဓေတားနည်းတွေလိုအပ်ပေမယ့် မတတ်နိုင်သူတွေဟာ ၃၉ ရာခိုင်နှုန်းခန့်ထိရှိနေတာကြောင့် မလိုအပ်တဲ့ကိုယ်ဝန်ဆောင်မှုတွေဆက်ဖြစ်နေပြီး မိခင်နဲ့ကလေးကျန်းမာရေးကိုကြီး မားစွာခြိမ်းခြောက်နေတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီလိုအခြေအနေတွေဟာ ဒုက္ခသည်စခန်းတွေရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ၊ အသိပညာပေးမှုနည်းပါးတာ၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေ အချိန်မီမရရှိနိုင်တာတွေကြောင့် ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် အရေးကြီးတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ရေရှည်ပံ့ပိုးမှုတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမိုတိုးမြှင့်ပေးဖို့လိုအပ်နေတယ်လို့ ရိုဟင်ဂျာတွေကဆိုကြပါတယ်။
“ဒီစခန်းမှာ ပထအအရေးကြီးတာက ကျန်းမာရေးပါပဲ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့မရတော့ဘူး။ ဒါကြောင့် ကျနော်တို့အတွက် ကျန်းမာရေးကအရမ်းအရေးကြီးပါတယ်။နိုင်ငံ တကာအဖွဲ့အစည်းတွေအနေနဲ့လည်း ကျန်းမာရေးဝန်ဆောင်မှုပိုပြီးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။” လို့ ရိုဟင်ဂျာအမျိုးသားတဥိီးက ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေမှာနေရာထိုင် ခင်းကျဉ်းမြောင်းပြီး မလုံခြုံတဲ့ပတ်ဝန်းကျင်ကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့လည်း ကြုံတွေ့နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် မလို လားအပ်တဲ့ကိုယ်ဝန်တွေ၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်ခြေပိုများလာသလို၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးတွေက ဆိုကြပါတယ်။
အကြမ်းဖက်ခံရသူတွေအတွက် လိုအပ်တဲ့ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု၊ လုံခြုံရေးအကူအညီတွေအချိန်မီမရနိုင်တာကြောင့်လည်း စိန်ခေါ်မှုတွေများနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။
“ဒီမှာက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတွေရှိပါတယ်။ ဒါပေမယ့်လည်း ဒါကို ဘယ်သူ့မှထုတ်မပြောကြပါဘူး။ သူတို့ဟာ အဲဒါတွေကြောင့် စိတ်ပိုင်းဆိုင်ရာတွေရောထိခိုက်ခံစားနေကြရပါတယ်။ ဒါကို ထုတ်ပြောသင့်ပြီးတော့ စိတ်ပိုင်းဆိုင်ရာကု စားမှုတွေပေးနိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ကူညီပေးနိုင်ရင် ကောင်းပါတယ်။” လို့ ရိုဟင်ဂျာအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီအပြင် ဒုက္ခသည်စခန်းတွေမှာ ဝန်ဆောင်မှုပေးတဲ့ကျန်းမာရေးလုပ်သား အရေအတွက် မလုံလောက်တာတွေ၊ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကြားမှာ ဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာကွာဟချက်တွေကြောင့်လည်း ထိရောက်တဲ့ဆက်သွယ်ရေးလုပ်ဖို့ခက်ခဲစေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီအပြင် သန့်ရှင်းတဲ့ရေ၊လုံခြုံတဲ့အိမ်သာနဲ့ ရေချိုးခန်းတွေမရှိတာကြောင့်လည်း အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ တခြားရောဂါပိုးဝင်တာတွေ ပိုပြီးဖြစ်ပွားနေတယ်လို့အမျိုးသမီးတွေက ဆိုကြပါတယ်။
အမျိုးသမီးတွေနဲ့လစဥ်သုံးပစွည်း
အမျိုးသမီးလစဥ်သုံးပစွည်းတွေမလုံ လောက်တာကြောင့်လည်း တကိုယ်ရည်သန့်ရှင်းရေးကိုဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ဒုက္ခသည်စခန်းတွေမှာ လုံ ခြုံတဲ့ရေ၊သန့်ရှင်းရေးအဆောက်အအုံတည်ဆောက်တာ၊ ရောဂါပိုးဝင်တာတွေလျော့ကျစေဖို့ အမျိုးသမီးတွေအတွက်သီးသန့်လုံခြုံတဲ့ရေချိုးခန်းနဲ့အိမ်သာတွေကို သေသေချာချာပြုလုပ်ပေးဖို့လို အပ်နေတယ်လို့ ဒုက္ခသည်အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီအပြင် အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် လစဉ်သုံးပစ္စည်းတွေကို ပုံမှန်နဲ့လုံလောက်စွာ ဖြန့်ဖြူးပေးဖို့လည်း လိုအပ်တယ်လို့ ရိုဟင်ဂျာအမျိုးသမီးတွေက ဆိုကြပါတယ်။
“အမျိုးသမီးလစဥ်သုံးပစွည်းတွေကိုကူညီပေးတာတွေရှိပါတယ်။ ဒါပေမယ့်လည်း လုံလောက်တဲ့ပမာနမဟုတ်ပါဘူး။ ဆိုင်တွေမှာလည်း စျေးကြီးပေးပြီးဝယ်ရတော့ ထမင်းစားဖို့တောင် အနိုင်နိုင်ရုံးကန်နေရတဲ့သူတွေက ဒါကိုဝယ်ဖို့မတက်နိုင်ကြပါဘူး။ ပြီးတော့ စားဝတ်နေရေးအတွက် အကူအညီရတဲ့ပစွည်းတွေကတချို့ကို ရောင်းသုံးပြီး စားဝတ်နေရေးကိုဖြေရှင်းနေရပါတယ်။” လို့ ရိုဟင်ဂျာအမျိုးသမီးတဦးက ပြောပါတယ်။
အမျိုးသမီးတွေနဲ့ မိသားစုစီမံကိန်း
အဲဒီအပြင် ရိုဟင်ဂျာအမျိုးသမီးတွေကြားမှာ မိသားစုစီမံကိန်းဆိုင်ရာအသိ ပညာနဲ့ဆေးဝါးတွေရဖို့အလွန်နည်းပါးနေသေးတယ်လို့လည်း ရိုဟင်ဂျာအ မျိုးသမီးတွေက ဆိုကြပါတယ်။
နောက်ပြီးရိုဟင်ဂျာတွေရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာအတားအဆီးတွေကြောင့် သန္ဓေတားနည်းတွေကို လက်ခံဖို့ခက်ခဲနေကြတုန်းပဲလို့ ရိုဟင်ဂျာအ မျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီအပြင် အမျိုးသမီးတွေဟာ မျိုးဆ က်ပွားကျန်းမာရေးဆုံးဖြတ်ချက်တွေကို ခင်ပွန်းသို့မဟုတ် မိသားစုအကြီးအကဲတွေရဲ့သဘောတူညီချက်လိုအပ်တာကြောင့် ကိုယ်တိုင်လွတ်လပ်စွာဆုံး ဖြတ်နိုင်ခွင့်နည်းပါးနေသေးတယ်လို့ ရိုဟင်ဂျာအမျိုးသမီးတွေက ဆိုကြပါတယ်။
အမျိုးသမီးတွေနဲ့ စိတ်ကျန်းမာရေး
ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးတွေဟာ ပညာရေးကိုအပြည့်အဝသင်ယူခွင့်မရခဲ့ကြတာကလည်း ကြီးမားတဲ့အတားအဆီးဖြစ်သလို အသိပညာဗဟုသုတနည်းပါးကြသေးတာမို့ မိသားစုစီမံကိန်းလိုကိစ္စရပ်တွေမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ခက်ခဲစေပြီးအမျိုးသမီးတွေရဲ့စွမ်းရည်မြှင့်တင်မှုကိုလည်းဟန့်တားနေသေးတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမျိုးသမီးတွေဟာ စခန်းကနေအပြင်ထွက်ခွင့်ကန့်သတ်ထားတာကြောင့် ပိုပြီးကောင်းမွန်တဲ့ဆေးရုံကြီးတွေဆီလွှဲပြောင်းကုသဖို့လိုတဲ့အခါ လုံခြုံရေးစစ်ဆေးမှုတွေကို ဖြတ်ကျော်ရတာစတဲ့နှောင့်နှေးမှုတွေကြောင့် အမျိုးသမီးတွေရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကဆိုကြပါတယ်။
အဲဒီကန့်သတ်ချက်တွေက သူတို့ရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့ပြင်ပအကြောင်းအရင်းတွေထဲမှာအဓိကကျနေပြီး အကြမ်းဖက်မှုတွေ၊ လုံခြုံမှုမရှိတာတွေနဲ့ အခြေခံလိုအပ်ချက်တွေရဖို့တောင်ခက်ခဲတာတွေကြောင့် အမျိုးသမီးတွေဟာစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေနဲ့လည်းရင်ဆိုင်နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီစခန်းထဲမှာ နေရတာဟာယာယီဖြစ်ပြီး အနာဂတ်အတွက်မျှော်လင့်ချက် ကင်းမဲ့နေကြတာမို့ စိတ်ကျန်းမာရေးကို ပိုပြီးထိခိုက်စေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ဝန်ဆောင်မှုတွေမလုံလောက်တာကြောင့် သူတို့ဟာနေ့စဉ်နဲ့အမျှစိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ နေထိုင်နေကြရတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
ကျန်းမာရေးအသိပညာပေး
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ဟာ ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အသိပညာပေးနေ့ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့အမျိုးသမီးသားကြောဖြတ်တာ(Female Sterilization) ကို ခွဲစိတ်မှုနဲ့တသက်တာအမျိုးသမီးသားဆက်ခြားတာကိုပြုလုပ်နိုင်တဲ့နည်းလမ်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မြန်မာကအသိပညာပေးထားတာတွေရှိပါတယ်။
အဲဒီထဲမှာ အရေးပေါ်တားဆေး၊ နှစ်မျိုးပေါင်းပါးစပ်မှသောက်ရတဲ့ သားဆက်ခြားခြင်းဆေး၊ ကွန်ဒုံး၊ လက်မောင်းအောက်ထည့်ရတဲ့သားဆက်ခြားပစ္စည်း၊ သားအိမ်တွင်းထည့်ရတဲ့သားဆက်ခြားပစ္စည်း၊ တမျိုးတည်းပါတဲ့ပါးစပ်မှသောက်ရတဲ့ သားဆက်ခြားဆေး၊ ထိုးဆေးနဲ့ သားဆက်ခြားတာ၊ နို့ချိုတိုက်ကျွေးတာနဲ့ ကိုယ်ဝန်တားဆေးစတဲ့နည်းလမ်းတွေဟာ အမျိုးသမီးတွေအတွက် ယုံကြည်စိတ်ချရတဲ့နည်းလမ်းတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မြန်မာကမျှဝေပေးထားတာပါ။
အမျိုးသမီးတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး
ရိုဟင်ဂျာအမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့မျိုးဆက်ပွားကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အထူးသတိပြုဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေရှိ ကျန်းမာရေးဆေးခန်းတွေနဲ့ ဆေးရုံတွေကိုမကြာ ခဏသွားဖို့လိုပြီး ကိုယ်ဝန်ဆောင်အမျိုး သမီးတွေဟာ ကိုယ်ဝန်စောင့်ရှောက်မှုတွေနဲ့ အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုရှောင်ဖို့ သန္ဓေတားနည်းတွေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်သလို လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေမဖြစ်စေဖို့ကာကွယ်တာနဲ့ ကုသတာတွေကိုလည်း လေ့လာထားဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေကြုံတွေ့နေရတဲ့ မျိုးဆက်ပွားကျန်းမာရေးစိန်ခေါ်မှုတွေဟာရိုးရှင်းတဲ့ ပြဿနာမဟုတ်ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
ဒါဟာ ပဋိပက္ခဒဏ်ရာ၊ ဆင်းရဲမွဲတေမှု၊ ယဉ်ကျေးမှုအတားအဆီးတွေနဲ့ နိုင်ငံရေးမရေရာမှုတွေစုပေါင်းဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အခြေအနေဖြစ်တယ်လို့ဆိုကြပါတယ်။
နိုင်ငံတကာအကူအညီပေးမှုတွေရှိနေပေမယ့် အမျိုးသမီးတွေဟာ မိခင်နဲ့ ကလေးသေဆုံးနိုင်ခြေမြင့်မားတဲ့ဘဝကိုနေ့စဉ်ဖြတ်သန်းနေရတုန်းပဲလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
ဒါကြောင့် ရေရှည်တည်တံ့တဲ့ရန်ပုံငွေပံ့ပိုးမှု၊ ပိုပြည့်စုံတဲ့ပညာပေးမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူဝါဒတွေနဲ့ ဖြေရှင်းဖို့လိုအပ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ယာယီဖြေရှင်းမှုတွေထက် ရေရှည်တည်ငြိမ်မှုကို ဦးတည်တဲ့ဖြေရှင်းနည်းတွေပေးအပ်ဖို့လိုအပ်သလို ဒီအမျိုးသမီးတွေရဲ့အသံကို ပိုပြီးနားစွင့်ဖို့လိုအပ်တယ်လို့ အမျိုးသမီးတွေနဲ့ ရိုဟင်ဂျာအမည်ဒုက္ခသည်တွေက ထောက်ပြထားကြပါတယ်။










