Saw Shin Nyo

Saw Shin Nyo

BNRA အဖွဲ့မှ ပြစ်မှုကျူးလွန်သူတွေကိုအရေးယူဖို့ စစ်အင်အားသုံး ရှင်းလင်းခဲ့ရတယ်လို့ NUG ပြော

Border News Agency (BNA) ပုလဲ၊ ဖေဖော်ဝါရီ ၁၉။ ​ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့အဖွဲ့ဝင်အချို့ဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် စစ်အင်အားအသုံးပြုပြီး မလွှဲမရှောင်သာဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။ ​အဲဒီ ဗိုလ်နဂါးနဲ့ သူရဲ့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်တာတွေအပြင် တရားမဝင်အခွန်ဂိတ်တွေဖွင့်ပြီး အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ NUG တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့တာတွေအတွက် ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ​အခုလို အရေးယူဆောင်ရွက်တာဟာ သာမန်တရားဥပဒေစိုးမိုးရေးယန္တရားနဲ့ ဆောင်ရွက်ဖို့မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကိုဖယ်ရှားဖို့ စစ်အင်အားသုံးဆောင်ရွက်ခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း ပြည်သူလူထု ထိတ်လန့်စိုးရိမ်ခဲ့ရတာအတွက် ဝန်ကြီးဌာနအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ​ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ BNRA အဖွဲ့ဝင်တွေအနေနဲ့တော့ မိမိတို့ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေမှာပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

Photo-ONN

အာရက္ခဒေသမှာ ယာဉ်စည်းကမ်းတင်းကျပ်ပြီး အသိပညာပေးမှုတွေလုပ်နေ

Border News Agency  မောင်တော၊ ​ဖေဖော်ဝါရီ ၁၉။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခဒေသကမြို့နယ်တွေမှာ ယာဉ်မတော်တဆမှုတွေ လျော့ပါးသွားအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အခုရက်ပိုင်းမှာတင်းတင်းကျပ်ကျပ် စစ်ဆေးလာနေပါတယ်။ ​အဲဒီလို စစ်ဆေးတဲ့နေရာမှာ အသိပညာပေးတဲ့အစီအစဉ်တွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာဆိုင်ကယ်စီးရင်း ဦးထုပ်မဆောင်းသူတွေနဲ့ လူပိုတင်သူတွေကို DLEPS အဖွဲ့တွေက ခေတ္တခေါ်ယူ စစ်ဆေးနေတာပါ။ ​စည်းကမ်းမလိုက်နာတဲ့သူတွေကို ယာဉ်စည်းကမ်းဆိုင်ရာမေးခွန်းတွေ စာရွက်ပေါ်မှာဖြေဆိုခိုင်းပြီး မဖြေနိုင်တဲ့သူတွေကိုတော့ အသိပညာပေးစာအုပ်တွေ ဖတ်ရှုခိုင်းတာ၊ ရှင်းပြပေးတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။ ​အဲဒီအပြင် တချို့မြို့တွေမှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ရှိနေပါတယ်။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ယာဉ်မောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီးသားဖြစ်သလို လမ်းသွားလာတဲ့အခါ ယာဉ်အင်္ဂါရပ်နဲ့အညီ ပစ္စည်းစုံလင်စွာ တပ်ဆင်သွားလာဖို့လည်း ညွှန်ကြားထားပါတယ်။ ​အာရက္ခပြည်သူတွေအနေနဲ့လည်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးတာတွေ မရှိရအောင် သတ်မှတ်ထားတဲ့ စည်း ကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အစိုးရဘက်က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

​ကမ္ဘောဒီးယားရှိ တရုတ်ကျားဖြန့်စခန်းမှာ ဒေါ်လာအတုရိုက်နှိပ်နေတဲ့ ဗီဒီယို ပေါက်ကြား

​Border News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၇။ ​ကမ္ဘောဒီးယားနိုင်ငံ၊ မာလိုင်မြို့မှာရှိတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ကျားဖြန့် (Scam) စခန်းတခုအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုတွေ ရိုက်နှိပ်ထုတ်လုပ်နေတဲ့ ဗီဒီယိုမှတ်တမ်းတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။ ​အဲဒီ ဒေါ်လာတုစက်ရုံဟာ ပွိုင်ပက်မြို့ကနေ ၅၀ ကီလိုမီတာအကွာ ထိုင်းနယ်စပ်နဲ့ ၅ ကီလိုမီတာသာဝေးတဲ့ မာလိုင်မြို့နယ်အတွင်းမှာတည်ရှိပြီး ကမ္ဘောဒီးယားအလုပ်သမားတွေကို အသုံးပြုကာဒေါ်လာအတုတွေကို စနစ်တကျထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ​ဒီလုပ်ရပ်နဲ့ပတ်သက်လို့ အမေရိကန် FBI၊ CIA၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သံရုံးတွေအပြင် Reuters၊ CNN နဲ့ Fox News စတဲ့ နိုင်ငံတကာသတင်းဌာနတွေထံသို့လည်း တိုက်ရိုက်သတင်းပေး တိုင်ကြားထားပြီးပြီလို့ ဆိုပါတယ်။ ​အခုပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်ဟာ AI နဲ့ ဖန်တီးထားတာမဟုတ်ဘဲ အလုပ်သမားတွေရဲ့ ရုပ်သံမှတ်တမ်းတွေ ပါဝင်နေတာကြောင့် အတွင်းသတင်းရင်းမြစ်ကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ယူဆရပါတယ်။ ​လက်ရှိမှာတော့ ငွေကြေးအတု ဖြန့်ဖြူးမှုအန္တရာယ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာနဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက အဆိုပါစခန်းရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo-APM

ကျူးကျော်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား ၇၃ ဦးကို AA က ပြန်လည်လွှဲအပ်

Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးဖမ်းလို့ ဖမ်းဆီးအရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ် ရေလုပ်သား ၇၃ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ အာရက္ခတပ်တော် (AA) က ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီရေလုပ်သားတွေကို AA ဘက်က အထောက်အထားစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာ ဘင်္ဂလားဒေ့ချ်တာဝန်ရှိသူတွေဆီစနစ်တကျ ပြန်အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေလုပ်သားတွေဟာ နောက်နောင်မှာ အာရက္ခရေပိုင်နက်ထဲ ကျူးကျော်ငါးဖမ်းတာမျိုး လုံးဝမလုပ်တော့ပါဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးခဲ့ကြသလို ကုရ်အာန်ကျမ်းစာကိုကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်တာတွေကို အချိန်ပြည့်စောင့်ကြည့်နေပြီး ဖမ်းမိသူတွေကိုလည်း အာရက္ခဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနေတယ်လို့ သိရပါတယ်။

Photo-Zwe Yan Naing

မရမ်းကုန်းမှာနေအိမ်မီးလောင်လို့ သက်ကြီးအမျိုးသမီးနှစ်ဦး သေဆုံး

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။ ​ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တလုံး ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိ သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။ အဲဒီ​မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အောက်ဗဟိုလမ်း၊ ရထားသံလမ်းဘေးရှိ ဆိုင်ခန်းတွဲလျက် နေအိမ်တလုံးမှာ မနက်အစောပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​မီးလောင်မှုဖြစ်ပွားရာနေရာကို မရမ်းကုန်းနဲ့ လှိုင်မြို့နယ် မီးသတ်စခန်းတွေက မီးသတ်ယာဉ်တွေ လာရောက်ငြှိမ်းသတ်ခဲ့ပေမယ့် နေအိမ်အတွင်း ပိတ်မိနေတဲ့ အသက် ၈၀ ကျော်အရွယ် အဘွားနှစ်ဦးမှာတော့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ​လက်ရှိမှာတော့ မီးလောင်မှုကြောင့် သေဆုံးသွားသူတွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက ဆေးရုံကိုပို့ဆောင်ပေးထားပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တအာင်းတပ်မတော်

မိုင်းငေါ့မြို့မှာကလေးနဲ့ မိခင် ၁၂၀ ကျော်ကို THC ကာကွယ်ဆေး ထိုးနှံပေး

Border News Agency  မိုင်းငေါ့၊ ဖေဖော်ဝါရီ ၁၂။ ​တအာင်းပြည်၊ မိုင်းငေါ့မြို့မှာ အသက် ၅ နှစ်အောက်ကလေးငယ် ၁၁၉ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးကို တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) ကနေ ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့ပါတယ်။ အဲဒီဆေးတွေကို ​ဖေဖော်ဝါရီလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာထိုးနှံပေးခဲ့တာဖြစ်ပြီး တီဘီ၊ ပိုလီယို၊ ဝက်သက်နဲ့ မေးခိုင် အပါအဝင် ရောဂါမျိုးစုံဆေးတွေ ပါဝင်ပါတယ်။ ​ကလေးငယ်တွေ ကျန်းမာသန်စွမ်းဖို့ရည်ရွယ်တာဖြစ်ပြီး လာမယ့်မတ်လ ၉ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် ထပ်မံထိုးနှံပေးသွားဦးမှာပါ။ ​ THC အနေနဲ့ ဒီလိုကာကွယ်ဆေးထိုးလုပ်ငန်းတွေကို လစဉ်ပုံမှန်လုပ်ဆောင်ပေးနေတာဖြစ်လို့ မိဘတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်လို့ အသိပေးထားပါတယ်။

ဓာတ်ပုံ-ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ

​ကလေးမြို့မှာ အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်ကိုဆန့်ကျင်

Border News Agency  ကလေး၊​ ဖေဖော်ဝါရီ ၁၁။ ​စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် ကလေးမြို့နယ်အတွင်းက ကျေးလက်ဒေသမှာ ပြည်သူတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ​"ကလေးမြို့က တော်လှန်ဆဲ ပုန်ကန်ဆဲ" ဆိုတဲ့အတိုင်း ဒေသခံပြည်သူတွေဟာ အခုထက်ထိအသံမတိတ်၊ အလံမလိပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တစိုက်မတ်မတ် တော်လှန်နေကြတယ်လို့ဆိုပါတယ်။ ​စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ"ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးမြှင့်တင်ပြီး ရရာကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားပါတယ်။

​ပြည်သူတွေစားဝတ်နေရေးကျပ်တည်းလို့ နိုင်ငံတကာအကူအညီ ပိုလိုအပ်နေပြီလို့ UN OCHA ပြော

Border News Agency မောင်တော၊​ ဖေဖော်ဝါရီ ၁၁။ ​မြန်မာနိုင်ငံအတွင်းက အဆိုးရွားဆုံး ခံစားနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN OCHA Myanmar) က သတိပေးလိုက်ပါတယ်။ ဒီလိုအကူအညီတွေသာ မရရှိဘူးဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေက ရှည်ကြာနေဦးမယ်လို့ ​UN OCHA ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံချက် (HNRP) မှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတာပါ။ ​အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုတိုးလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြောင့် အကူအညီပေးရေး လမ်းကြောင်းတွေလည်း ပိုပြီးအပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအကူအညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရနိုင်တာကြောင့် မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့ "ဒေသခံကယ် ဆယ်ရေးအဖွဲ့" တွေကိုပဲ အဓိကအားကိုးပြီး အကူအညီပေးသွားရမှာဖြစ်တဲ့အတွက် သူတို့နဲ့အတူ စွန့်စားရမှုတွေကို မျှဝေခံယူသွားရမယ့် အခြေအနေရှိတယ်လို့ UN OCHA က အသိပေးထားပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

စမွတ်စခွန်က မော်တော်ယာဉ်စက်ရုံမီးလောင်လို့ မြန်မာလုပ်သားအပါအဝင်ဆယ့်​​လေးဦး ဒဏ်ရာရ

Border News Agency  ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၁။ ​ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ အွမ်နွိုင်းမြို့က ASA Motor Parts မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေပိုင်းက ပြင်းထန်စွာပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီး အလုပ်သမားဆယ့်လေးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီစက်ရုံအတွင်း မော်တော်ယာဉ် တာယာခွေ (Rims)ထုတ်လုပ်ဖို့ မဂ္ဂနီဆီယမ်တွေ အရည်ကျိုနေတုန်း မီးပွားထွက်ရာကနေ ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီမဂ္ဂနီဆီယမ်ဟာ ရေနဲ့ထိရင် ပိုမိုပေါက်ကွဲတတ်တာကြောင့် မီးငြှိမ်းသတ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲဒီ​ပေါက်ကွဲမှုကြောင့် အနီးနားက အလုပ်သမားဆယ့်လေးဦး မီးလောင်ဒဏ်ရာရခဲ့ပြီး အဲဒီထဲကရှစ်ဦးကတော့ ခန္ဓာကိုယ်တခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့တာကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို ကသွမ်ဘန်၊ ဗီချိုင်းယွတ် အွမ်နွိုင်းနဲ့ မဟာချိုင် ၂ ဆေးရုံတွေကို အသီးသီး ပို့ဆောင်ထားပါတယ်။ အဲဒီ​မီးငြှိမ်းသတ်ရာမှာတော့ မဂ္ဂနီဆီယမ်မီးဖြစ်တာကြောင့် ရေကိုတိုက်ရိုက်မသုံးဘဲ ဓာတုအမြှုပ် (Chemical Foam) နဲ့ သဲမှုန့်တွေကိုသုံးပြီး နာရီပေါင်းများစွာ ငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။ ​စမွတ်စခွန်ရဲတပ်ဖွဲ့က စက်ရုံကို ခေတ္တပိတ်ခိုင်းထားပြီး စက်ရုံပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို လုံခြုံရေးစည်းကမ်း ပျက်ကွက်မှုရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-စစ်ကော်မရှင်

စစ်ကော်မရှင်အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ အိန္ဒိယထောက်ပံ့

Border News Agency  နေပြည်တော်၊​ ဖေဖော်ဝါရီ ၁၁။ ​နေပြည်တော်မှာရှိတဲ့ Naypyitaw State Academy အတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့ မြန်မာနဲ့ အိန္ဒိယအစိုးရကြားနားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ​ဒီ MoU အရ အိန္ဒိယနိုင်ငံဘက်ကနေ ရူပဗေဒနဲ့ဓာတုဗေဒဘာသာရပ်တွေအတွက် လိုအပ်တဲ့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ၊  သုတေသနသုံး သိပ္ပံပစ္စည်းတွေနဲ့ သင်ကြားမှုဆိုင်ရာ Software တွေကို ထောက်ပံ့ပေးသွားမှာလို့ဆိုပါတယ်။ ​အဲဒီပစ္စည်းတွေဟာ ကျောင်းရဲ့သုတေသနနဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်မယ်လို့ ပညာရေးဝန်ကြီးဌာနကပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း နှစ်နိုင်ငံပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ သုတေသနလုပ်ငန်းတွေအတွက် အခုလို ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ​ဒီ MoU ကို ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာဇော်မြင့်နဲ့ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-စစ်ကော်မရှင် သတင်းအပြည့်အစုံဖတ်ရန် -  ​#နေပြည်တော် #ထောက်ပံ့ပေး #မြန်မာ #အိန္ဒိယ #MoU #လက်မှတ်ရေးထိုး #BNA

Page 15 of 66 1 14 15 16 66

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here