Shin Myat Phyu

Shin Myat Phyu

Photo - BNRA

ယင်းမာပင်ရှိ BNRA ရဲဘော်တွေ လက်နက်လာရောက်အပ်နှံဖို့ ခရိုင်ပကဖ အမိန့်ထုတ်

Border News Agency  ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၉။ ​ယင်းမာပင်ခရိုင်အတွင်းရှိ BNRA အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ထံရှိလက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံဖို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။ ​အဲဒီ ယင်းမာပင်ခရိုင်အတွင်းနေထိုင်ပြီး BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ကိုင်ဆောင်ထားသူ ရဲဘော်တွေအနေနဲ့ မိမိတို့နေထိုင်ရာ ခရိုင် သို့မဟုတ် မြို့နယ် ပကဖ အဖွဲ့တွေထံသို့ အမြန်ဆုံးဆက်သွယ်ကာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လာရောက်အပ်နှံရမှာ ဖြစ်ပါတယ်။ ​ဒါ့အပြင် BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဖျောက်ဖျက်တာနဲ့ ဖျက်ဆီးတာတွေ လုံးဝမပြုလုပ်ကြဖို့ တားမြစ်ထားပြီး၊ အကယ်လို့ စစ်ဆေးပေါ်ပေါက်လာပါက ပြင်းထန်စွာအရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။ နောက်ပြီး သက်ဆိုင်ရာရပ်ကျေးနဲ့ တိုက်နယ်အဆင့် ပကဖ၊ ပအဖ အဖွဲ့တွေအနေနဲ့လည်း မိမိတို့နယ်မြေအတွင်း အခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေရှိပါက သတင်းစကားပါးပေးဖို့နဲ့ ခရိုင်၊ မြို့နယ် ပကဖ တာဝန်ခံတွေဆီသို့ ချိတ်ဆက်ပေးကြဖို့ ညွှန်ကြားထားပါတယ်။

Photo - Army Military Force

ထိုင်း – ကမ္ဘောဒီးယားနယ်စပ်တောမီးရှို့မှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးလောင်သေဆုံး

Border News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း သစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးထဲမှာပိတ်မိသေဆုံးနေတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ​တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်ကျေ၊ ဗန်တေးမိန်ကျေနဲ့ ပရိဝိဟာပြည်နယ်ရှိ နယ်စပ်တလျှောက် သစ်တောတွေမှာဖြစ်ပွားနေတာပါ။ ဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှေ့တန်းရှိ ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေပိတ်ဆို့ဖို့အတွက်ရည်ရွယ်ပြီး တောမီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာကနေ စတင်ခဲ့တာလို့သိရပါတယ်။ ​ဖနွန်ကူလန် အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိတဦးကတော့ တောမီးရှို့မှုကြောင့် စပါးကြီးမြွေကြီးတွေအပါအဝင် တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးဘေးကမလွတ်ဘဲ အလွန်သနားစရာကောင်းအောင် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေရဲ့အိုးအိမ်ဖြစ်တဲ့ သစ်တောတွေကိုမဖျက်ဆီးကြဖို့ကိုလည်း သူကဆက်လက်တောင်းဆိုထားပါတယ်။ ​ဒီတောမီးရှို့မှုကြောင့် သစ်တောအတွင်းရှိ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်းများစွာဟာ မီးဘေးလွတ်ရာကို မပြေးနိုင်ဘဲ မီးပုံအတွင်းပိတ်မိကာ အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Photo - CIB

ထိုင်းမှာပစ္စည်းအမည်လွှဲကာ တရားမဝင်ထိုးဆေးရောင်းချနေတဲ့ဂိုဏ်းကို ဘတ် ၁၇ သန်းကျော်ဖိုးနဲ့အတူဖမ်းမိ 

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်ထိုးဆေးတွေကို အခြားပစ္စည်းအမည်တွေနဲ့လွှဲပြောင်းပြီး အွန်လိုင်းကနေလှည့်ဖြားရောင်းချနေတဲ့ ဂိုဏ်းကြီးတခုကို အာဏာပိုင်တွေက ဖော်ထုတ်အရေးယူလိုက်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ FDA တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ​အာဏာပိုင်တွေဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ရာ့ချ်ဘူရီ၊ ဘန်ကောက်နဲ့ နခွန်ပထုံရှိ နေရာတွေကို အဆင့်ဆင့်ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီစီးနင်းမှုအတွင်း စုစုပေါင်းကာလတန်ဖိုး ဘတ် ၁၇ သန်းကျော်ရှိတဲ့ သက်သေခံပစ္စည်းပေါင်း ၁ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ​ဒီဂိုဏ်းဟာ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့အတွက် Shopee နဲ့ Lazada လို အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေမှာ ဆေးဝါးတွေကို ရောင်စုံခဲတံ၊ အရုပ်တွေနဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုတဲ့ အမည်လွှဲတွေနဲ့ရောင်းချခဲ့တာပါ။ အဲဒိီအပြင် ပါဆယ်ပို့ရာမှာလည်း တရားမဝင်ထိုးဆေးပုလင်းတွေကို လစဉ်သုံးဂွမ်းထုပ်တွေကြားထဲ ထည့်သွင်းဖုံးကွယ်ပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒိီဆေးတွေဟာ မှတ်ပုံတင်ထားတာမရှိတဲ့ အဆီကျဆေးနဲ့ အသားဖြူဆေးတွေဖြစ်ပြီး အသုံးပြုမိပါက အသက်ဆုံးရှုံးနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ကင်ဆာဖြစ်တာနဲ့ စိတ်ကျရောဂါခံစားရတာမျိုးတွေအထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်း FDA က သတိပေးထားပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးအက်ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ထိုင်းရေတပ်နဲ့ဖာမိန်းစစ်ဆင်ရေးတပ်ဖွဲ့ (နရခ - ချင်းရိုင်)

မဲခေါင်မြစ်ကမ်းဘေးမှာ စိတ်ကြွဆေးပြား ၉ သန်းခန့် ထိုင်းရေတပ်သိမ်းဆည်းရမိ

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၉။ ​ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆဲန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွဆေးပြား ၉ သန်းခန့်ကို ဖေဖော်ဝါရီလ ၁၈ ရက်၊ ညပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရေတပ်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ​မြစ်တွင်းလုံခြုံရေးတပ်ဖွဲ့ (နရခ) မှ တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်မှုခင်းကာကွယ်ရေးအတွက် ကင်းလှည့်နေစဉ်အတွင်း ဘန်ဆဲဝ်ကျေးရွာအုပ်စုရှိ မြစ်ကမ်းဘေးမှာရပ်တန့်ထားတဲ့ သံသယဖြစ်ဖွယ်မော်တော်ယာဉ်တစီးကို စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီယာဉ်ပေါ်မှာ အနက်ရောင်အိတ်တွေနဲ့ စနစ်တကျထည့်သွင်းထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၉ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းတွေက မဲခေါင်မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။ ​လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်ကို ချင်းဆဲန်ရှိ နရခအခြေစိုက်စခန်းဆီ သယ်ဆောင်သွားပြီဖြစ်ပြီး ဥပဒေအရအရေးယူနိုင်ဖို့နဲ့ ဆက်စပ်တရားခံတွေကိုဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo - Anusak - Saowapha / Khao Sarn Ban Hao

​မုဒါဟန်မှာ လာအိုမှခိုးသွင်းတဲ့ဆန်နက် ၁၅ တန်နဲ့ ၁၀ ဘီးကားတစီး ဖမ်းဆီးရမိ

Border News Agency ထိုင်း၊​ ဖေဖော်ဝါရီ ၁၈။ ​ထိုင်း - လာအိုနယ်စပ်၊ မုဒါဟန်ခရိုင်အတွင်း တရားမဝင်တင်သွင်းလာတဲ့ ဆန်နက် (Riceberry) ၁၅ တန် (အိတ် ၃၀၀) နဲ့ ၁၀ ဘီးကုန်တင်ကားတစီးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၂ အကောက်ခွန်ဒေသရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ​အဲဒီမုဒါဟန်မြို့နယ်၊ ဘန်ကန်းကျေးရွာရှိ ဘုရားကျောင်းရှေ့မှာ သတင်းအရစောင့်ဆိုင်းစစ်ဆေးခဲ့ရာ ရွိုင်အက်လိုင်စင်ပါ ISUZU ၁၀ ဘီးကားပေါ်ကနေ အထောက်အထားမဲ့ ဆန်နက်အိတ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ​ယာဉ်မောင်းဖြစ်သူ နိုင်ချမ်နန်ဖွန်းကို စစ်ဆေးရာမှတဆင့် ကုန်ပစ္စည်းပိုင်ရှင်နိုင်စူရချိုင်ကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီ ပိုင်ရှင်ဖြစ်သူရဲ့ ဝန်ခံချက်အရ ပါဆန်တွေကို လာအိုနိုင်ငံသားတဦးထံကနေ ဈေးပေါပေါနဲ့ဝယ်ယူကာ သုရင် (Surin) ခရိုင်သို့ပို့ဆောင်ရောင်းချဖို့ ခိုးယူတင်သွင်းလာတာ ဖြစ်ပါတယ်။ ​အဲဒီ သိမ်းဆည်းရမိတဲ့ ဆန်နဲ့ကုန်တင်ကား စုစုပေါင်းအလေးချိန် ၂၄.၇ တန်ကို ၂၀၁၇ အကောက်ခွန်အက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး ကုန်ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းဖို့ပိုင်ရှင်က သဘောတူညီခဲ့ပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေကို လိုအပ်တဲ့ဒဏ်ငွေပေးဆောင်မှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ဖို့ မုဒါဟန်အကောက်ခွန်ဌာနဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။

Photo - CIB

ကျောင်းဆရာအပါအဝင် ကလေးလူကုန်ကူးသူတွေကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

Border News Agency ထိုင်း၊ ​ဖေဖော်ဝါရီ ၁၈။ ​ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာန (ATPD) ဟာဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာအွန်လိုင်းကလေး လူကုန်ကူးမှုကွန်ရက်ဖြတ်တောက်ခြင်း အထူးစစ်ဆင်ရေး ၃ ခုကို တပြိုင်နက်ဖော်ဆောင်ခဲ့ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ​အဲဒီစစ်ဆင်ရေးမှာ အသက် ၂၈ နှစ်အရွယ် အထက်တန်းကျောင်း ကွန်ပျူတာဆရာနွန်ထဝပ်ကိုဖမ်းဆီးခဲ့ပြီး သူဟာဆိုရှယ်မီဒီယာမှာ အကောင့်တုတွေနဲ့ ကလေးငယ်တွေကို ချဉ်းကပ်ကာ ၅ နှစ်တိုင်တိုင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ ငွေညှစ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒေတာဖိုင်တွေထဲမှာ ကလေးညစ်ညမ်းဖိုင် ၁,၅၀၀ ကျော်တွေ့ရှိခဲ့ရပြီး သားကောင်ဖြစ်ရသူ ကလေး ၁၀၀ ကျော် ရှိနေပါတယ်။ ​ယသောထုံခရိုင်မှာတော့ အသက် ၂၃ နှစ်အရွယ်လိင်ပြောင်းအမျိုးသမီးဂျေဒါကို ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ Line အပလီကေးရှင်းကနေ ကလေးညစ်ညမ်းဗီဒီယိုတွေ ရောင်းချနေသူဖြစ်ပြီး အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေကိုပစ်မှတ်ထားကာ အခပေးဂရုတွေမှာ ဗီဒီယိုတွေပြန်လည်ရောင်းချခဲ့တာပါ။ ​ယဲလားခရိုင်မှာလည်း အသက် ၁၉ နှစ်အရွယ် ဟတ်ဆန်ဆိုသူကို ထပ်မံဖမ်းဆီးခဲ့ပြီး သူဟာ Instagram မှာ အမျိုးသမီးပုံစံ အကောင့်တုနဲ့ကလေးတွေကို ရည်စားဟန်ဆောင် ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီနောက် Video Call ကနေတဆင့် ညစ်ညမ်းတဲ့အပြုအမူတွေလုပ်ခိုင်းပြီး ခိုးယူမှတ်တမ်းတင်ကာ ခြိမ်းခြောက်ငွေညှစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ​လက်ရှိမှာ CIB ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှု၊ ကလေးသူငယ်ညစ်ညမ်းရုပ်ပုံတွေ ဖြန့်ဖြူးမှု၊ အဓမ္မပြုကျင့်မှုနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာပုဒ်မတွေနဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ စစ်ဆေးနေပါတယ်။ ​ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အခုလိုအွန်လိုင်းကတဆင့် ကလေးငယ်တွေကိုလှည့်ဖျားပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေတဲ့ ကွန်ရက်တွေကို အမြစ်ပြတ်အောင်ဆက်လက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။

Photo : Fire &Recuse Thailand

ဘန်ကောက်စက္ကူစက်ရုံမီးလောင် ပိတ်မိနေသူတဦးကို အချိန်မီကယ်တင်နိုင် 

Border News Agency ဘန်ကောက်၊​ ဖေဖော်ဝါရီ ၁၈။ ​ဘန်ကောက်မြို့၊ ပဏ္ဍဝေဌ်ခရိုင်ရှိ စက္ကူအဟောင်းဝယ်စင်တာစက်ရုံတခုမှာ  ဖေဖော်ဝါရီလ ၁၇ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရာမရေဒီယိုသတင်းစင်တာ (Rama Radio Center) က ထုတ်ပြန်ပါတယ်။ ​ချလမ်ဖရာကယက်ရာမ ၉ လမ်းသွယ်ရှိ စက်ရုံမီးလောင်မှုကို ည ၈ နာရီ ၄၆ မိနစ်မှာ သတင်းရရှိတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ ချက်ချင်းသွားရောက် ငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ​မီးလောင်နေတဲ့ အဆောက်အအုံအတွင်းမှာ အမျိုးသားတဦးပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ည ၉ နာရီကျော်မှာ စတင်ဝင်ရောက်ရှာဖွေခဲ့တာပါ။ ​မီးသတ်သမားတွေရဲ့ ကြိုးပမ်းမှုကြောင့် ပိတ်မိနေသူကိုဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သလို ည ၉ နာရီ ၂၄ မိနစ်မှာတော့ မီးကိုလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာတော့ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ​အဲဒီမီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မြန်ဆန်တဲ့တုံ့ပြန်မှုကြောင့် လူအသေအပျောက်မရှိဘဲ အချိန်မီကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ကမ္ဘောဒီးယားစစ်သားတွေတောမီးရှို့ရာမှ လေကြောင်းပြောင်းကာဘုန်းကြီးကျောင်းပါ မီးကူး

Border News Agency ထိုင်း၊ ​ဖေဖော်ဝါရီ ၁၈။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ ပရဲဝိဟဲပြည်နယ်အနီး ရှေ့တန်းမျက်နှာပြင်မှာ ကမ္ဘောဒီးယားစစ်သားတွေက တောမီးကို တမင်ရှို့ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပါ မီးကူးစက်တဲ့ဖြစ်စဉ်တခု ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ပါတယ်။ ​မီးရှို့မှုစတင်ပြီးနောက် ညနေ ၃ နာရီခွဲခန့်မှာ လေဦးတည်ချက်ရုတ်တရက်ပြောင်းလဲသွားတာကြောင့် မီးတောက်တွေဟာ ကမ္ဘောဒီးယားဘက်က ကင်းစခန်းနဲ့ဘုန်းကြီးကျောင်းဝင်းအတွင်းအထိ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ ​ညနေ ၅ နာရီကျော်မှာလည်း ထပ်မံမီးရှို့ခဲ့ရာ မီးခိုးတွေထိုင်းဘက်ခြမ်းကို လွင့်ပါလာတာကြောင့် ကမ္ဘောဒီးယားစစ်သားတွေက ဝမ်းသာအားရကခုန်ခဲ့ကြတယ်လို့ စစ်ဘက်သတင်းအရ သိရပါတယ်။ ​ထိုင်းစစ်သားတွေကတော့ မိမိတို့ဘက်ခြမ်းက သံဆူးကြိုးတွေဆီ မီးမကူးစက်အောင် မီးတားလမ်းတွေပြုလုပ်ငြှိမ်းသတ်ခဲ့ရသလို နယ်စပ်ရှိအဆောက်အအုံတွေ မီးမလောင်အောင် လူသားချင်းစာနာမှုနဲ့ ကူညီပေးခဲ့ပါတယ်။ ​အဲဒီဖြစ်စဉ်နောက်ပိုင်း ဆမ်တဲနယ်မြေမှာ နှစ်ဖက်စစ်သားတွေတွေ့ဆုံခဲ့ကြပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ မီးဘေးကာကွယ်ရေးအတွက် အပြုသဘောဆောင် ညှိနှိုင်းခဲ့ကြပါတယ်။ ​နယ်စပ်ဒေသမှာ အခုလိုတောမီးရှို့မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်အပြင် အိုးအိမ်၊ ဘာသာရေးအဆောက်အအုံတွေပါ ထိခိုက်နိုင်တဲ့အတွက် နှစ်ဖက်စစ်တပ်အကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo - Tak immigration

​မဲဆောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာလုပ်သား ၆ ဦး ဖမ်းဆီးခံရ

Border News Agency ထိုင်း၊​ ဖေဖော်ဝါရီ ၁၈။ ​ထိုင်း - မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လဝက ကထုတ်ပြန်ပါတယ်။ ​အဲဒီတာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး မနက် ၁၀ နာရီကျော်မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ ​အဲဒီစစ်ဆေးမှုကို မဲဆောက်မြို့နယ်၊ သာဆိုင်းလော့ဒ် (Tha Sai Luat) ကျေးရွာအုပ်စုအတွင်းရှိ လိပ်စာအတိအကျမရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာလုပ်သား ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ​အဲဒီ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်းကိုခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာသူတွေဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်။ ​လက်ရှိမှာတော့ သူတို့ ၆ ဦးကို ခိုးဝင်မှု၊ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်မှုတွေနဲ့ ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ​အခုနောက်ပိုင်း ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင်ဝင်ရောက်မှုနဲ့ အလုပ်လုပ်ကိုင်မှုတွေကို ထိုင်းအာဏာပိုင်တွေက အထူးကြပ်မတ် စစ်ဆေးနေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အထူးသတိထားနေကြရတယ်လို့ သိရပါတယ်။

Photo - BNP

ဝန်ကြီးချုပ်သစ်တာရက်ခ်ရာမန်နဲ့ အစိုးရအဖွဲ့ အာဇာနည်ဗိမာန်မှာ ဂါရဝပြု

Border News Agency  ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၈။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ အမျိုးသားအာဇာနည်ဗိမာန်ကို သွားရောက်ခဲ့ပါတယ်။ ​ဒါကာမြို့၊ ဆာဗာရှိ အာဇာနည်ဗိမာန်မှာ တိုင်းပြည်အတွက်အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ပန်းခွေချပြီး အလေးအမြတ်ပြု ဂါရဝပြုခဲ့ကြတာပါ။ ​နိုင်ငံ့တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုပထမဆုံးလာရောက်ခဲ့တာ ဖြစ်ပါတယ်။ ​ဒီအခမ်းအနားကို ဝန်ကြီးချုပ်သစ်နဲ့အတူ ဝန်ကြီးအဖွဲ့ဝင်တွေ၊ ပါတီတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ကြတယ်လို့သိရပါတယ်။

Page 10 of 38 1 9 10 11 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here