Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

စစ်ကော်မရှင်တပ်ရဲ့ပြည်သူ့စစ်နှစ်ဦး လက်နက်နဲ့အတူအလင်းဝင်

​Border News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၆။ ​စစ်ကော်မရှင်တပ်ရဲ့ ခမရ ၄၁၆ မှ အပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီပြည်သူ့စစ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး အထူးလှုပ်ရှားတပ်မဆီမှာ ခိုလှုံခဲ့တာဖြစ်ပါတယ်။ ​အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို အထူးလှုပ်ရှားတပ်မကနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ကာဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ​ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးအနေနဲ့ အလင်းဝင်လာသူတွေကို သူတို့ရဲ့မူဝါဒအတိုင်း ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဆက်လက်ခိုလှုံလိုသူတွေကိုလည်း အမြဲတမ်းဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။ ​လက်ရှိအချိန်မှာ စစ်ကော်မရှင်တပ်အတွင်းကနေစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ပိုမိုများပြားလာနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo - Army Military Force

ထိုင်း – ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်ဖက်စစ်ရေးတင်းမာနေ

​Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၇။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ရှိ ရှေ့တန်းနယ်မြေတချို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် တင်းမာမှုအချို့ ဖြစ်ပေါ်နေတယ်လို့ Army Military Force က ထုတ်ပြန်ပါတယ်။ အဲဒီ​ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဆူးကြိုးခြံစည်းရိုးအနီးကို ဝင်ရောက်လာတာကြောင့် အဲဒီနေရာမှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး နှစ်ဖက်အချေအတင် စကားများမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီလို ထိတွေ့မှုဖြစ်ပြီးနောက်မှာ ကမ္ဘောဒီးယားရှေ့တန်းတပ်ဖွဲ့ဝင်တွေက နယ်စပ်အနီးမှာဘန်ကာဆောက်ဖို့ မြေကျင်းတွေအပြင်းအထန်တူးဖော်နေပြီး စစ်ရေးအရပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။ ​လက်ရှိမှာတော့ နယ်စပ်တလျှောက် စစ်ရေးပြင်ဆင်မှုတွေရှိနေပေမယ့် လက်နက်ကိုင်ပဋိပက္ခနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ အခြေအနေပိုမိုဆိုးရွားမသွားအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေကြပြီး နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

Photo - NUG

​တီမောသံအမတ်ကိုနှင်ထုတ်တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် NUG ကန့်ကွက်ရှုတ်ချ

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။ ​မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို တပတ်အတွင်းထွက်ခွာဖို့ ဖိအားပေးနှင်ထုတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ ​စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်တပ်က အခုလိုတီမောသံတမန်ကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ​စစ်ကော်မရှင်တပ်ရဲ့ခုလိုလုပ်ရပ်ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ တီမောနိုင်ငံကို သီးသန့်ရွေးချယ်အရေးယူတာဟာ နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးတဲ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်တယ်လို့လည်း NUG ကဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီမှုတွေတိုးမြှင့်ပေးဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

Photo - KNU

​ကျောက်ကြီးမှာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံရသူ ၉ ဦး KNU ဆီအလင်းဝင်

​Border News Agency ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇။ ​ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာကိုခံရတဲ့ စစ်မှုထမ်းတပ်သား ၉ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ဆီမှာ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီတပ်သား ၉ ဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက KNU နယ်မြေထဲကို ရောက်ရှိလာတာဖြစ်ပြီး သူတို့ဟာဆန္ဒမပါဘဲ အတင်းအဓမ္မစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီခိုလှုံလာသူတွေထဲမှာ အသက် ၂၃ နှစ်ကနေ ၄၁ နှစ်အရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာတော့ အဲဒီတပ်သားတွေကို KNU ဘက်က ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသလို စစ်ကော်မရှင်တပ်ထဲမှာ အဓမ္မခိုင်းစေခံနေရသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။

Photo - RNZ (Radio New Zealand)

နယူးဇီလန်မှာ မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကြေညာ

​Border News Agency နယူးဇီလန်၊ ဖေဖော်ဝါရီ ၁၇။ ​နယူးဇီလန်နိုင်ငံ၊ မြောက်ကျွန်းစုမှာ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းကတိုက်ခတ်နေတဲ့ ပြင်းထန်တဲ့မုန်တိုင်းကြောင့် မြို့တော်ဝယ်လင်တန်အပါအဝင် ဒေသအများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ​လက်ရှိမှာ Manawatū - Whanganui ဒေသတခုလုံးအပြင် Waikato ဒေသအတွင်းရှိ Waipā နဲ့ Ōtorohanga မြို့နယ်တွေကို အရေးပေါ်အခြေအနေသတ်မှတ်ထားရတာ ဖြစ်ပါတယ်။ Tararua၊ Manawatū နဲ့ Masterton မြို့တွေမှာလည်း ရေကြီးမှုနဲ့သစ်ပင်ပြိုလဲတဲ့အန္တရာယ်တွေကြောင့် ပြည်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။ အဲဒီ ​မုန်တိုင်းဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်နေပြီး ဝယ်လင်တန်၊ Palmerston North နဲ့ Napier လေဆိပ်တွေမှာ လေကြောင်းခရီးစဉ် ၁၀၀ နီးပါး ဖျက်သိမ်းထားရသလို ကူးတို့သင်္ဘောနဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်နားထားရတာ ဖြစ်ပါတယ်။ အဲဒီအပြင် ဘေးကင်းလုံခြုံရေးအတွက် ဝယ်လင်တန်အထက်တန်းကျောင်းနဲ့ Rongotai ကောလိပ်အပါအဝင် စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ အဲဒီ ​Powerco လျှပ်စစ်ဌာနရဲ့ထုတ်ပြန်ချက်အရ တနိုင်ငံလုံးရှိအိမ်ခြေ ၃၃,၀၀၀ ခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး Plimmerton မြို့ရှိ စားသောက်ဆိုင်နဲ့ အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းဟာ တောင်ကျွန်း (South Island) ဘက်သို့ ဆက်လက်ရွေ့လျားမှာဖြစ်လို့ အာဏာပိုင်တွေက ပြည်သူတွေကိုနေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့သတိပေးထားပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ရှင်းလက်ဝမှာ မီဇိုးကုန်သည်တဦးသေဆုံးမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးပိတ်ပင်ခံရ

​Border News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၁၆။ ​ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းလာပို့တဲ့ မီဇိုးအမျိုးသားတဦး သေဆုံးသွားတာကြောင့် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ယာယီပိတ်ထားတယ်လို့ ဗဟိုလိုင်လူငယ်အသင်း (CYLA) က ထုတ်ပြန်ပါတယ်။ ​အဲဒီမီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့က အသက် ၃၇ နှစ်အရွယ် ဦးလာလ်ရမ်ဆန်းနာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်က ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းသွားပို့ရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒိီလို​ပျောက်ဆုံးပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ ရှင်းလက်ဝက မြန်မာနိုင်ငံသားတဦးက သေဆုံးသူရဲ့ ကားသော့နဲ့လိုင်စင်တွေကို လာရောက်ပေးအပ်ခဲ့ပေမယ့် လူပျောက်ဆုံးမှုနဲ့ပတ်သက်လို့ တစုံတရာမသိဘူးလို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ အဲ​ဒါကြောင့် CYLA နဲ့ MTP အဖွဲ့ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ဖေဖော်ဝါရီလ၁၅ ရက် ညနေပိုင်းအထိ သတင်းမရပါက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ပင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။ ​အဲဒီနောက် ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းမှာတော့ မြန်မာနဲ့မီဇိုရမ်နယ်စပ်ချောင်းအတွင်း ဦးလာလ်ရမ်ဆန်းနာရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​လက်ရှိမှာတော့ ဦးလာလ်ရမ်ဆန်းနာ ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးတာကြောင့် ဒါကိုတိတိကျကျ မသိရခင်အထိ လောင်တလိုင်ခရိုင်နဲ့ ရှာဟာခရိုင်အတွင်းက နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Photo - APM

​ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

​Border News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁၆။ ​ကျောက်ဖြူမြို့နယ်ရှိကျေးရွာနှစ်ရွာကို စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၇ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီ ကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာကို​ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ကဆူဆိုဒ်ဒရုန်းနှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံးနဲ့ ဈေးဆိုင် ၂ ဆိုင် မီးလောင်ပြာကျခဲ့ပါတယ်။ ​အဲဒီအပြင် ဓညဝတီရေတပ်ဌာနချုပ်ကနေ ဝမျှောင်ရွာနဲ့ငအုပ်ရွာတွေကို လက်နက်ကြီး ၂၂ လုံးပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဝမျှောင်ရွာက အသက် ၇ နှစ်အရွယ် မခင်ထက်ထက်စိုးနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေတို့ သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ ​အဲဒီအပြင်ဝမျှောင်ရွာက ၅ ဦးနဲ့ ငအုပ်ရွာက စစ်ဘေးရှောင် ၂ ဦးအပါအဝင် စုစုပေါင်း ၈ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပြီး နေအိမ်တချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကိုဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်ရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ အသက် ၈၀ အရွယ် အဘွားအိုတဦး သေဆုံးခဲ့ပါသေးတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Photo - Golden Era Media

​မောင်တောမှာ APRG မီးသတ်ဌာနက မီးဘေးကာကွယ်ရေး လက်တွေ့ကွင်းဆင်းသင်တန်းပေး

​Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၆။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ထဲမှာ ဒေသခံတွေ မီးဘေးအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ (APRG) မီးသတ်ဌာနက မီးသတ်အရံသင်တန်းတွေပေးနေပါတယ်။ ​မီးသတ်ဌာနတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြို့ပေါ်နေရာအချို့မှာ မီးငြှိမ်းသတ်နည်းတွေကို လက်တွေ့ကွင်းဆင်း သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ ​မီးသတ်ဌာနအနေနဲ့ လက်တွေ့ပြသပေးတာတင်မကဘဲ မီးဘေးနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း ဒေသခံတွေကိုအသိပညာပေးခဲ့တာ ဖြစ်ပါတယ်။ ​အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်အားလုံးမှာ အာရက္ခမီးသတ်ဌာနက မီးဘေးသတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်တာတွေအပြင် တအိမ်ဝင်တအိမ်ထွက် လိုက်လံစစ်ဆေးတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်း ၅ နှစ်နီးပါးအကြာ မြန်မာ့အဂတိလိုက်စားမှု ကမ္ဘာ့အောက်ဆုံးမှာရှိနေ

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆။ ​အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာအဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ Transparency International (TI) အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။ ​ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) ရဲ့ အညွှန်းကိန်း (CPI) အရ မြန်မာနိုင်ငံဟာ ရမှတ် ၁၆ မှတ်သာရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ​မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာနဲ့အတူ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ နယ်ပယ်အသီးသီးမှာ ပိုမိုဆိုးရွားလာနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ​ကမ္ဘာ့အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ အောက်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံသာကျန်ရှိတော့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံထက် နှစ်ဆနီးပါးအခြေအနေပိုမိုဆိုးရွားနေတာကို တွေ့ရပါတယ်။ ​အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံကရမှတ် ၈၄ မှတ်နဲ့ အဂတိလိုက်စားမှုအနည်းဆုံး ကမ္ဘာ့အဆင့် ၃ မှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ဒေသတွင်းမှာအကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံအဖြစ် တောက်လျှောက် သတ်မှတ်ခံနေရတာပါ။ ​စစ်ကော်မရှင်တပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတယ်လို့ဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေကြားအဂတိလိုက်စားမှုတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအပေါ်များစွာ ထိခိုက်နေတယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုကြပါတယ်။

Photo - Army Military Force

နယ်စပ်တောမီးရှို့မှုမှာ စစ်ရေးလှုပ်ရှားမှုများကိုဖုံးကွယ်ဖို့ဖြစ်တယ်လို့ ထိုင်းပြော

​Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ​ရှေ့တန်းနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့နေတာဟာ သာမန်တောမီးမဟုတ်ဘဲ ထိုင်းစစ်တပ်ရဲ့အမြင်အာရုံကို ပိတ်ဆို့ဖို့လုပ်ဆောင်နေတဲ့ စစ်ဗျူဟာမြောက်လုပ်ရပ်ဖြစ်တယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​ကမ္ဘောဒီးယားစစ်တပ်ဟာ သူတို့ရဲ့စစ်လက်နက်နဲ့ အင်အားရွှေ့ပြောင်းမှုတွေကို ထိုင်းဘက်ကမမြင်ရစေဖို့အတွက် မီးခိုးမြူတွေကို အကာအကွယ်အဖြစ် အသုံးချနေတာဖြစ်တယ်လို့ဆိုပါတယ်။ ​ဒီတောမီးရှို့မှုဟာမြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့မဟုတ်ဘဲ ကမ္ဘောဒီးယားစစ်တပ်က သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကွင်းမြေပုံတွေရှိပြီးသားဖြစ်ပြီး အဲဒီမိုင်းကွင်းမြေပုံတချို့ကိုလည်း ထိုင်းဘက်ကသက်သေအဖြစ် သိမ်းဆည်းရမိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ​ကမ္ဘောဒီးယားဘက်ကမိုင်းတွေကို နယ်စပ်တောဧရိယာအတွင်း စည်းကမ်းမဲ့ထောင်ထားတာမျိုးမဟုတ်ဘဲ ထိုင်းတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တဲ့လမ်းကြောင်းတွေနဲ့ သူတို့စခန်းပတ်လည်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ထောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာ ကမ္ဘောဒီးယားဘက်ကထိုင်းနယ်စပ်မြို့တွေကို ကျူးကျော်သိမ်းပိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် လက်ရှိစစ်အင်အားအရ မဖြစ်နိုင်ဘူးလို့ Army Military Force က အတည်ပြုပါတယ်။ ​ထိုင်းတော်ဝင်တပ်မတော်အနေနဲ့ နယ်စပ်တလျှောက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ရေးအရ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Page 12 of 38 1 11 12 13 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here