Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၇။
ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ရှိ ရှေ့တန်းနယ်မြေတချို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် တင်းမာမှုအချို့ ဖြစ်ပေါ်နေတယ်လို့ Army Military Force က ထုတ်ပြန်ပါတယ်။
အဲဒီကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဆူးကြိုးခြံစည်းရိုးအနီးကို ဝင်ရောက်လာတာကြောင့် အဲဒီနေရာမှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး နှစ်ဖက်အချေအတင် စကားများမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ထိတွေ့မှုဖြစ်ပြီးနောက်မှာ ကမ္ဘောဒီးယားရှေ့တန်းတပ်ဖွဲ့ဝင်တွေက နယ်စပ်အနီးမှာဘန်ကာဆောက်ဖို့ မြေကျင်းတွေအပြင်းအထန်တူးဖော်နေပြီး စစ်ရေးအရပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ နယ်စပ်တလျှောက် စစ်ရေးပြင်ဆင်မှုတွေရှိနေပေမယ့် လက်နက်ကိုင်ပဋိပက္ခနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ အခြေအနေပိုမိုဆိုးရွားမသွားအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေကြပြီး နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။






