Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာအဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ Transparency International (TI) အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) ရဲ့ အညွှန်းကိန်း (CPI) အရ မြန်မာနိုင်ငံဟာ ရမှတ် ၁၆ မှတ်သာရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာနဲ့အတူ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ နယ်ပယ်အသီးသီးမှာ ပိုမိုဆိုးရွားလာနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ကမ္ဘာ့အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ အောက်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံသာကျန်ရှိတော့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံထက် နှစ်ဆနီးပါးအခြေအနေပိုမိုဆိုးရွားနေတာကို တွေ့ရပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံကရမှတ် ၈၄ မှတ်နဲ့ အဂတိလိုက်စားမှုအနည်းဆုံး ကမ္ဘာ့အဆင့် ၃ မှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ဒေသတွင်းမှာအကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံအဖြစ် တောက်လျှောက် သတ်မှတ်ခံနေရတာပါ။
စစ်ကော်မရှင်တပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတယ်လို့ဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေကြားအဂတိလိုက်စားမှုတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအပေါ်များစွာ ထိခိုက်နေတယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုကြပါတယ်။






