BNA Author

BNA Author

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၂၀ ဦးထိရှိလာ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။  အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။

IIMM မှတ်တမ်းတွေဟာဥပဒေကြောင်းအရ ပိုအားကောင်းနိုင်

ဂမ်ဘီယာနဲ့မြန်မာအမှုမှာ IIFFMM အစီရင်ခံစာနဲ့ပတ်သက်လို့  ICJ တရားခွင်မှာ"ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒ (state's consent)နဲ့ IIFFMM ရဲ့ စံနှုန်း တွေကြား အငြင်းအခုန်တွေရှိခဲ့ကြပါတယ်။ အဲဒီမှာ ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒဆိုတာနိုင်ငံတကာပဋိညာဉ်အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာယန္တယားတရပ်ရပ်နဲ့ပူး ပေါင်းဆောင်ရွက်တဲ့အခါ ပင်ရင်းနိုင်ငံရဲ့ပူးပေါင်းလိုတဲ့စိတ်ဆန္ဒအရသာဖြစ်ရမယ်။  တကယ်လို့ ပင်ရင်းနိုင်ငံက ပူးပေါင်းလိုတဲ့ဆန္ဒမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့အချက်ရှိပါတယ်။ မြန်မာက ဒီအချက်ကိုင်ပြောပေမယ့် ICJ ပယ်ချလိုက်ပါတယ်။ပယ်ချတဲ့အ ကြောင်းပြချက်ကို ၂၀၂၀ ခုနှစ် Provinsional Measure အပိုဒ် ၁၀၇ မှာ ဖော်ပြထားပါတယ်။ အဲဒီအပိုဒ် ၁၀၇ ရဲ့ဆိုလိုရင်းက ဂျီနိုဆိုက်လိုကိစ္စဟာ မြန်မာတနိုင်ငံတည်းကပဲ ရိုက်ခတ်ခံရတဲ့ကိစ္စမဟုတ်ပါဘူး။  မြန်မာကိုယ်တိုင် ဂျီနိုဆိုက်လို ကိစ္စမျိုးမဖြစ်လာဖို့ကိစ္စဟာ နိုင်ငံအားလုံးရဲ့ အ ကျိုးစီးပွားဖြစ်တယ်လို့ လက်ခံထားပြီးသားဖြစ်တယ်။  အဲဒါကြောင့် ဒါဟာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းအဖွဲ့ဝင်နိုင်ငံတိုင်းက တရားစွဲခွင့်ရှိတယ်ဆိုပြီးပယ်ချလိုက်တာပါ။ IIFFMM ရဲ့ ဥပဒေကြောင်းအရ စံနှုန်း ဆိုတာမှာ IIFFMM ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ခရစ်စတိုဖာဆီတိုတီ(Christopher Sidoti)ကိုယ်တိုင်က  အစီရင်ခံစာဟာ "ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း" (Reasonable grounds to believe)ဆိုတဲ့ စံနှုန်းပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာတ ရားစီရင်ရေးမှာလိုအပ်တဲ့ "သံသယဖြစ်ဖွယ်မရှိအောင်သက်သေပြနိုင်ခြင်း" (Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက် အများကြီးနိမ့်ကျကြောင်းနဲ့တရားရုံးမှာ တိုက်ရိုက်သက်သေအဖြစ်အသုံးပြုဖို့ထက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် "လမ်းပြမြေပုံ" အဖြစ်သာ ရည်ရွယ်ကြော င်းပြောခဲ့တာရှိပါတယ်။ အဲဒီနှစ်ချက်ကိုသုံးပြီး မြန်မာကခုခံချေပခဲ့တာရှိပါတယ်။Sate's Consent အရ မြန်မာဟာ IIFFMM နဲ့ မပူးပေါင်းခဲ့သလို IIFFMM ကို အခြေခံပြီးပေါ်လာတဲ့ IIMMနဲ့မပူးပေါင်းတာလည်းဖြစ်ပါတယ်။   အဲဒီတော့ State's Consent အရသဘောမတူတဲ့ယန္တရားတွေကရတဲ့အချက်အလက်တွေကို မြန်မာနဲ့ဆိုင်တဲ့နေ ရာတွေ၊တရားခွင်တွေမှာ အသုံးချစရာမလိုပါဘူး။  မြန်မာကို တရားစွဲတဲ့အခါ ဘမ်ဘီယားဟာ IIFFMM ရဲ့အစီရင်ခံစာကို အခြေခံထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ကန့်ကွက်တယ်ဆိုတဲ့သ ဘောပါ။ပြီးရင် အစီရင်ခံစာရေးသားရာမှာကိုယ်တိုင်ပါဝင်သူကလည်း အစီ ရင်ခံစာဟာ ရာဇဝတ်မှုဆိုင်ရာတရားစီ ရင်ရေးမှာလိုအပ်တဲ့"သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း "(Beyond reasonable doubt)ဆိုတဲ့ စံနှုန်းထက်အများကြီး နိမ့်ကျတယ်လို့ ဆိုထားတဲ့အတွက်အစီရင်ခံစာကိုသက် သေအထောက်အထားအနေနဲ့ မသုံးသင့်ဘူးဆိုတဲ့ သဘောမျိုးကန့်ကွက်ခဲ့တာပါ။ မြန်မာက ကန့်ကွက်ချက်တွေကို ICJ က ပယ်ချလိုက်ပါတယ်။ပယ်ချလိုက်တဲ့အကြောင်းပြချက်တွေကိုလည်း ခုလိုပေးပါတယ်။ ICJ တရားရုံးက IIFFMM အစီရင်ခံစာရဲ့အဆင့်အတန်းကို အမှုတခုလုံးအပေါ် ဆုံးဖြတ်ဖို့ သက်သေအဖြစ် အသုံးပြုလို့အပြည့်အစုံံမရနိုင်ပေမယ့်အမှုဖြစ် စဉ်အပေါ် နားလည်ရန်ကူညီပေးသော ဇစ်မြစ်"အထောက်အထား တစိတ်တပိုင်း"အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဖြစ်တန်ရာယုတ္တိရှိခြင်း(Plausiblity) သို့မဟုတ်  ဇစ်မြစ်အထောက်အထား တစိတ်တပိုင်း  ICJ တရားရုံးက ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ကနဦးကန့်ကွက်လွှာတွေအပေါ်ဆုံးဖြတ်ချက် "Preliminary Objections"စီရင်ချက်ထဲက IIFFMM (Fact-Finding Mission) အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး အပိုဒ် ၅၄ မှာ ခုလို ဖော်ပြထားပါတယ်။...

MDY-PDF ၅ နှစ်ပြည့်နေ့မှာ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ကတိပြု

​ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တည်ထောင်တာ ဒီနေ့ဆိုရင် ၅ နှစ်ပြည့်သွားပြီဖြစ်ပြီး တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ အားကောင်းမောင်းသန်နဲ့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ​MDY-PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ "အထူးလှုပ်ရှားတပ်မ" အဖြစ် တော်လှန်ရေးတာဝန်တွေကို...

Photo - APM

မောင်တောမြောက်ပိုင်းမှ မြိုလူမျိုးတွေကို ULA က ဆန်ရိက္ခာထောက်ပံ့

​မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ဒေသကနေ အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး ဆန်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးခဲ့ပါတယ်။ ​အာရက္ခ-ဘင်္ဂလားနယ်စပ် ဒုံးညို၊ ကျောက်လုံးနဲ့ ပျာရည်ရွာတွေကနေ ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု ၇၀ (လူဦးရေ ၆၇၅ ဦး) ဟာ လက်ရှိမှာ သစ်တုံးနားခွဆုံ၊ သုပဏ္ဏကနဲ့ ရွှေတိုင်ရွာစတဲ့ နေရာတွေမှာ ခိုလှုံနေကြတာပါ။ အဲဒီလို ခိုလှုံနေသူတွေကို ပါတီတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဆန်ရိက္ခာ၊ ခြင်ထောင်တွေနဲ့ ဆေးကုသမှုတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြိုလူမျိုးစုတွေဟာ အခုလိုဘေးလွတ်ရာကို တိမ်းရှောင်လာရတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း သူတို့တွေ ပြန်လည်အခြေချနိုင်အောင် ဆက်လက်ကူညီပေးသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

​ခင်ဦးမြို့အနောက်ဘက်ရှိ နေအိမ်၊ ဆိုင်ခန်းနဲ့​ဆန်စက်တွေကို စစ်ကော်မရှင်တပ်က မီးရှို့

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မြို့အနောက်ဘက်ထွက်ရှိ ပြည်သူ့နေအိမ်တွေနဲ့ ဆန်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။ ​အဲဒီခင်ဦးဆေးရုံမှာ တပ်စွဲထားတဲ့ ဗိုလ်ကျော်ကိုကိုဦး ဦးဆောင်တဲ့ စစ်ကော်မရှင်တပ် အင်အား ၄၀ ခန့်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်၊ညနေ ၆ နာရီအချိန်ခန့်ကခင်ဦး-ရေဦး လမ်းတလျှောက်ရှိ ပြည်သူ့နေအိမ် ၅ လုံး၊ဆိုင်ခန်း ၂ လုံးနဲ့ ဆန်စက်အကြီး ၂ လုံး၊ စုစုပေါင်း ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ​အဲဒီမီးရှို့အဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူတွေကို မီးရှို့ကိုကို လို့ ခြိမ်းခြောက်လေ့ရှိတဲ့ စစ်ကော်မရှင်တပ် ဗိုလ်ကျော်ကိုကိုဦး သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်၊နေ့လည် ၁ နာရီအချိန် မြို့တောယင်သုသာန်မီးရှို့သင်္ဂြိုဟ်မှာဖြစ်ပြီးစစ်ကော်မရှင်တပ် ဆီက MA-1 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့

ထိုင်းမှာ တရားမဝင်ဝင်ရောက်သူနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်တဲ့ နိုင်ငံခြားသား ၅ ဦးကို ဖမ်းဆီးခံရ

​ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လဝကနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက ရှာဖွေဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အထောက်အထားမဲ့ တရုတ်နိုင်ငံသားတဦးနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်သူ (Overstay) အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ​အဲဒီမဲဆောက်မြို့၊ သာ့ဆိုင်လော့ဒ်ကျေးရွာရှိ လဝကရုံးအနီးမှာ မနေ့ နေ့လည် ၂ နာရီအချိန်ခန့်က အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသားတဦးကို နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ညနေ ၆ နာရီခွဲအချိန်မှာတော့ တာ့ခ်ခရိုင်လဝကရုံးရှေ့မှာတင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၄၀၀ ဝန်းကျင်အထိ ကြာမြင့်စွာ ဆက်လက်နေထိုင်နေကြတဲ့ အသက် ၂၀ မှ ၂၇ နှစ်ကြားရှိ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ၂၀၂၂ ခုနှစ်၊ နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေးအက်ဥပဒေ (P.R.B.) ပုဒ်မ ၂၂ နဲ့အညီ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ခဲ့ပြီးနောက် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ဆိုပါတယ်။

​ယိုးငူရွာ လေကြောင်းတိုက်ခိုက်ခံရမှုအမျိုးသမီး ၁၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၆ ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးသေဆုံးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်စာရင်းတွေအရ သိရပါတယ်။ အဲဒီ ယိုးငူကျေးရွာဖေဖော်ဝါရီလ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံး၊ဒဏ်ရာရသူတွေများပြားခဲ့တာပါ။ အဲဒီ အသက် ၃၁ နှစ်အရွယ်ဒေါ်စိုးစိုးနွယ်၊ အသက် ၅၆ နှစ်အရွယ် ဒေါ်မသိန်းခင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဆန်းဆန်းဝင်း၊အသက် ၅၆ နှစ်အရွယ် ဒေါ်လှသာနု၊ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးစံလှ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်မူ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စင်မာအေး၊ အသက် ၁၄ နှစ်အရွယ် မစိုးသဇင်မိုး၊ အသက် ၆ နှစ်အရွယ် မမျိုးသက်နွယ်၊ အသက် ၇၀ နှစ်အရွယ် ဒေါ်မဗုစိန်၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မချေ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စောမြယဉ်နဲ့ အသက် ၁၅ နှစ်အရွယ် မအိမြတ်ဝေ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးမြတင်၊အသက်ခုနှစ်နှစ်အရွယ်ဒေါ်မညို၊အသက် ၄၄ နှစ်အရွယ် ဒေါ်ဇင်မာအေး တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒိီအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်နုနု၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း၊ အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၇ နှစ်အရွယ် မသွယ်သွယ်ဖြိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခိုင်စိုးဝေ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သောင်းမြစိန်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မအေးသိန်း၊ အသက် ၃၉ နှစ်အရွယ် ဒေါ်မချေကြီး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးသိန်းမြနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်မရွှေသန်း ဒဏ်ရာရသွားခဲ့ကြတာပါ။  ​အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊စျေးတွေ၊စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။

​Photo - phoy wai set/ လူမှုကွန်ရက်

​သံလွင်မြစ်နဲ့ မိုလိုချောင်းမှာအာဆင်းနစ်အဆိပ်သင့်မှု မြင့်မားနေလို့ ရေနဲ့ ငါးတွေကို မစားသုံးကြဖို့သတိပေး

​ကရင်နီပြည်အတွင်း စီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းရေတွေမှာ ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ အာဆင်းနစ် (Arsenic) အဆိပ်တွေ ပါဝင်မှု မြင့်မားနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဖေဖော်ဝါရီလ ၂၅ ရက်၊ဒီနေ့မှာပြည်သူတွေကို သတိပေးလိုက်ပါတယ်။ ​ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ရေနမူနာတွေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ သံလွင်မြစ်ရေဟာ နိုင်ငံတကာစံနှုန်းထက် ၄ ဆကနေ ၉ ဆအထိ များနေသလို၊ မိုလိုချောင်းရေဆိုရင် အဆိပ်သင့်မှု ပမာဏ ၅၅၃ ဆအထိတောင် မြင့်မားနေတာကို တွေ့ရတဲ့ ဖြစ်ပါတယ်။ အဲဒီအဆိပ်သင့်ရေတွေကို တိုက်ရိုက်သောက်သုံးမိရင်ဖြစ်ဖြစ်၊ချက်ပြုတ်ရာမှာ သုံးမိရင်ဖြစ်ဖြစ် ရေရှည်မှာ ကင်ဆာရောဂါအမျိုးမျိုးနဲ့ နှလုံး၊ ဆီးချိုရောဂါတွေ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် အဲဒီမြစ်ချောင်းတွေအတွင်းက ငါး၊ ခရု၊ ပုဇွန် စတဲ့ ရေနေသတ္တဝါတွေကိုလည်း စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကိုတော့ လုံးဝ (လုံးဝ) မစားကြဖို့နဲ့ သံလွင်မြစ်ထဲက ငါးတွေကို စားမယ်ဆိုရင်လည်း ခေါင်းနဲ့ ကလီစာတွေကို ဖယ်ရှားပြီးမှ စားကြဖို့ အထူးသတိပေးထားပါတယ်။ ​အကယ်လို့ အကြောင်းကြောင်းကြောင့် အဲဒီရေတွေကို ထိတွေ့ကိုင်တွယ်မိရင်လည်း သန့်စင်တဲ့ရေနဲ့ ချက်ချင်း ပြန်ဆေးကြောကြဖို့ လိုအပ်ပါတယ်။ အခုလို အဆိပ်သင့်မှုတွေဟာ ကလေးသူငယ်တွေရဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ IEC က နှိုးဆော်ထားတာပါ။ ​IEC အနေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရေနမူနာတွေ၊ မြေဆီလွှာတွေကို ဆက်လက်စစ်ဆေးနေသလို ထိန်းချုပ်နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နောက်ထပ် ထုတ်ပြန်ချက်တစုံတရာ မရမချင်း အခုသတိပေးချက်အတိုင်း အလေးထား လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်မှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

​မဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနေ့ကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ​အဲဒီ မဲဆောက်မြို့၊ မယ်ပအုပ်စုထဲကဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကိုဖေဖော်ဝါရီဘ ၂၄ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က တာ့ခ်ခရိုင် လဝကအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလုပ်ငန်းခွင်ဟာ ဝပ်စန်တီသမ်ဘုရားကျောင်းအနီးမှာ ရှိပြီး အိမ်နံပါတ်မရှိတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ​စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား ၄ ဦးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လည်း မရှိဘဲ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဲ​ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု နဲ့ လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။ အဲဒိီဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သူတို့ကို မဲဆောက်မြို့မရဲစခန်းကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ​မြန်မာပြည်တွင်း အခြေအနေတွေကြောင့် အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အခုလို ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ ခပ်စိပ်စိပ် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Photo - SMART Soldiers Strong ARMY

​နိုင်ငံ ၃၀ ပါဝင်တဲ့ ကော့ဘရာဂိုးလ် ၂၀၂၆ စစ်ရေးလေ့ကျင့်မှု ထိုင်းမှာစတင်

​ထိုင်းတပ်မတော်က ဦးဆောင်ကျင်းပတဲ့ ၄၅ ကြိမ်မြောက် Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်၊မနက်ပိုင်းမှာ ရယောင်းခရိုင်ရှိ အူတာပေါင်းလေဆိပ်မှာကျင်းပခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်ကထုတ်ပြန်ထားပါတယ်။ အဲဒီအခမ်းအနားကို ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုကရစ် ဘွန်တာနွန်နဲ့ အမေရိကန်သံအမတ်ကြီးတို့က ပူးတွဲသဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ ​အခုနှစ်မှာတော့ နိုင်ငံပေါင်း ၃၀ က စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်မှာဖြစ်ပြီး အကြီးစားလေ့ကျင့်မှုတွေလုပ်မယ့် (Heavy Year) လည်း ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရ အသင့်ဖြစ်နေဖို့နဲ့ ဒေသတွင်း တည်ငြိမ်လုံခြုံရေးအတွက် စုပေါင်းအားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာပါ။ အဲဒီထဲ ​ကြည်း၊ရေ၊ လေ စစ်ဆင်ရေးတွေတင်မကဘဲ အာကာသစစ်ဆင်ရေးနဲ့ ဆိုက်ဘာ (Cyber) ကဏ္ဍတွေကိုပါ အပြည့်အဝ ထည့်သွင်းလေ့ကျင့်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် ဝေဟင်ဓာတ်ပုံခွဲခြမ်းစိတ်ဖြာတာနဲ့ အချက်ပြထောက်လှမ်းရေးလို နည်းပညာမြင့်စနစ်တွေကိုပါ တိုးမြှင့်လေ့ကျင့်သွားမယ်လို့လည်းဆိုပါတယ်။ ​သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လေ့ကျင့်ခန်းမှာလည်း ထိုင်းမင်းသမီးရဲ့ အချစ်တော်ခွေးလေး “Mi-6” ပါဝင်တဲ့ K9 ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သရုပ်ပြခဲ့ကြပါတယ်။ အဲ​ဒီစစ်ရေးလေ့ကျင့်မှုဟာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေမတ်လ ၆ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒါဟာ အာရှတိုက်ရဲ့ အကြီးဆုံးနဲ့ သမိုင်းအရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုကြီးတခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

Page 24 of 142 1 23 24 25 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here