Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ဖွင့်လှစ်ခဲ့တဲ့ အရံမီးသတ်သင်တန်း ပထမအကြိမ်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီသင်တန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး ရခိုင်၊ မူဆလင်၊ ဟိန္ဒူ၊ မြို၊ သက် စတဲ့ ဒေသခံလူမျိုးပေါင်းစုံ ၁၀၀ နီးပါး တက်ရောက်ခဲ့တာပါ။ သင်တန်းမှာ မီးငြှိမ်းသတ်နည်းတွေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ မီးသတ်ဆေးဘူး အသုံးပြုနည်းတွေကို လက်တွေ့သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအရံမီးသတ်တပ်ဖွဲ့ဝင်တွေဟာ အမြဲတမ်းတာဝန်ထမ်းဆောင်ရမှာ မဟုတ်ဘဲ မိမိတို့ရပ်ရွာမှာ မီးဘေးအန္တရာယ် ပေါ်ပေါက်လာတဲ့အခါမှာသာ အာရက္ခပြည်သူ့အစိုးရရဲ့ မီးသတ်ဌာနနဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်သွားကြမှာပါ။ အခုလို ဆောင်းနဲ့ နွေရာသီတွေမှာ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားတတ်တာကြောင့် အာရက္ခပြည်သူ့အစိုးရ မီးသတ်ဌာနအနေနဲ့ဒေသအနှံ့မှာ အရံမီးသတ်တပ်ဖွဲ့ဝင်သစ်တွေကို အရှိန်အဟုန်မြှင့် ထပ်မံစုဆောင်းနေပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၉။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခဒေသကမြို့နယ်တွေမှာ ယာဉ်မတော်တဆမှုတွေ လျော့ပါးသွားအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အခုရက်ပိုင်းမှာတင်းတင်းကျပ်ကျပ် စစ်ဆေးလာနေပါတယ်။ အဲဒီလို စစ်ဆေးတဲ့နေရာမှာ အသိပညာပေးတဲ့အစီအစဉ်တွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာဆိုင်ကယ်စီးရင်း ဦးထုပ်မဆောင်းသူတွေနဲ့ လူပိုတင်သူတွေကို DLEPS အဖွဲ့တွေက ခေတ္တခေါ်ယူ စစ်ဆေးနေတာပါ။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ယာဉ်စည်းကမ်းဆိုင်ရာမေးခွန်းတွေ စာရွက်ပေါ်မှာဖြေဆိုခိုင်းပြီး မဖြေနိုင်တဲ့သူတွေကိုတော့ အသိပညာပေးစာအုပ်တွေ ဖတ်ရှုခိုင်းတာ၊ ရှင်းပြပေးတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တချို့မြို့တွေမှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ရှိနေပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ယာဉ်မောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီးသားဖြစ်သလို လမ်းသွားလာတဲ့အခါ ယာဉ်အင်္ဂါရပ်နဲ့အညီ ပစ္စည်းစုံလင်စွာ တပ်ဆင်သွားလာဖို့လည်း ညွှန်ကြားထားပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးတာတွေ မရှိရအောင် သတ်မှတ်ထားတဲ့ စည်း ကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အစိုးရဘက်က တိုက်တွန်းထားပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၈။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပျက်စီးနေတဲ့အဝေးပြေးလမ်းမကြီးတွေနဲ့ တံတားတချို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်မွမ်းမံနေပါတယ်။ အဲဒီမောင်တော - ကြိမ်ချောင်း ကားလမ်းပေါ်က ဖားဝပ်ချောင်းရွာနဲ့ အောင်မင်္ဂလာရွာကြားက လမ်းပိုင်းတွေကို ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ကတ္တရာလောင်းအဆင့်မြှင့်တင်နေတာပါ။ အဲဒီလမ်းမကြီးပြုပြင်မှုဟာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ အဓိကလမ်းမကြီးဖြစ်တာကြောင့် ဒေသခံတွေ သွားလာရေးအဆင်ပြေအောင် အချိန်မီပြီးစီးရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ဘော်တူလာရွာအထိ ဆက်သွယ်ထားတဲ့ ၄၁ မိုင်ရှည် လမ်းမကြီးပေါ်က ပျက်စီးနေတဲ့ တံတားငယ် ၁၀ ခုထက်မနည်းကိုလည်း ပြုပြင်နေပါတယ်။ အထူးသဖြင့် အောင်ချမ်းသာရွာအနီးက ဟောင်းနွမ်းနေတဲ့သစ်သားတံတားကို အခိုင်အမာဖြစ်စေဖို့ သံပြားတွေအစားထိုးပြီး အဆင့်မြှင့်တင်တည်ဆောက်နေပါတယ်။ အာရက္ခအစိုးရအနေနဲ့ မောင်တောမြောက်ပိုင်းတင်မကဘဲ ဘူးသီးတောင် - မောင်တော ကားလမ်းမကြီးကိုလည်း ဆက်လက်မွမ်းမံဖို့ပြင်ဆင်နေပြီး ဒေသတွင်းမြို့ရွာတွေစနစ်တကျ ပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက် ငါးဖမ်းလို့ ဖမ်းဆီးအရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ် ရေလုပ်သား ၇၃ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ အာရက္ခတပ်တော် (AA) က ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီရေလုပ်သားတွေကို AA ဘက်က အထောက်အထားစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ပြီးနောက် ဒီကနေ့ ညနေ ၄ နာရီခွဲခန့်မှာ ဘင်္ဂလားဒေ့ချ်တာဝန်ရှိသူတွေဆီစနစ်တကျ ပြန်အပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေလုပ်သားတွေဟာ နောက်နောင်မှာ အာရက္ခရေပိုင်နက်ထဲ ကျူးကျော်ငါးဖမ်းတာမျိုး လုံးဝမလုပ်တော့ပါဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးခဲ့ကြသလို ကုရ်အာန်ကျမ်းစာကိုကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ရေပိုင်နက်အတွင်း တရားမဝင်ခိုးဝင်တာတွေကို အချိန်ပြည့်စောင့်ကြည့်နေပြီး ဖမ်းမိသူတွေကိုလည်း အာရက္ခဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနေတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၆။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ထဲမှာ ဒေသခံတွေ မီးဘေးအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ (APRG) မီးသတ်ဌာနက မီးသတ်အရံသင်တန်းတွေပေးနေပါတယ်။ မီးသတ်ဌာနတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြို့ပေါ်နေရာအချို့မှာ မီးငြှိမ်းသတ်နည်းတွေကို လက်တွေ့ကွင်းဆင်း သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ မီးသတ်ဌာနအနေနဲ့ လက်တွေ့ပြသပေးတာတင်မကဘဲ မီးဘေးနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း ဒေသခံတွေကိုအသိပညာပေးခဲ့တာ ဖြစ်ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်အားလုံးမှာ အာရက္ခမီးသတ်ဌာနက မီးဘေးသတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်တာတွေအပြင် တအိမ်ဝင်တအိမ်ထွက် လိုက်လံစစ်ဆေးတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၁။ မြန်မာနိုင်ငံအတွင်းက အဆိုးရွားဆုံး ခံစားနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN OCHA Myanmar) က သတိပေးလိုက်ပါတယ်။ ဒီလိုအကူအညီတွေသာ မရရှိဘူးဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေက ရှည်ကြာနေဦးမယ်လို့ UN OCHA ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံချက် (HNRP) မှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတာပါ။ အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုတိုးလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြောင့် အကူအညီပေးရေး လမ်းကြောင်းတွေလည်း ပိုပြီးအပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအကူအညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရနိုင်တာကြောင့် မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့ "ဒေသခံကယ် ဆယ်ရေးအဖွဲ့" တွေကိုပဲ အဓိကအားကိုးပြီး အကူအညီပေးသွားရမှာဖြစ်တဲ့အတွက် သူတို့နဲ့အတူ စွန့်စားရမှုတွေကို မျှဝေခံယူသွားရမယ့် အခြေအနေရှိတယ်လို့ UN OCHA က အသိပေးထားပါတယ်။
Read moreမောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။" လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။ မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ" လို့ မမိုးမိုးက ဆက်ပြောပါတယ်။ အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။ အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။ အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၁ နာရီခန့်အချိန်မှာ ဇီးသီးခူးဖို့အတွက် ရွာအနောက်ဘက်မှာရှိတဲ့ ချောင်းကိုဖြတ်ကူးနေချိန် ရေနစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီနောက် ရွာသားတွေကသူတို့နှစ်ဦးကို ရှာဖွေခဲ့ကြရာမှာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီခွဲခန့်အချိန်မှာ ကမ်းနဲ့မီတာ ၁၀၀ ဝေးတဲ့ဂေါ်ဒူသာရချောင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင် သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့နေ့လည်ပိုင်းမှာ င်္သဂြိုဟ်သွားမယ်လို့ မိသားစုတွေက ဆိုကြပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်ကကလေးငယ်တွေနဲ့ စိတ်ဝေဒနာခံစားနေရသူတွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီး ဂရုစိုက်ကြည့်ရှုကြဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ "ရာမ" အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီအပြင် ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreHey! Don't Copy my content.