Border News Agency မင်းပြား၊ ဖေဖော်ဝါရီ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသခံတွေဆီ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲမြို့ပေါ်နဲ့ ကျေးရွာတချို့အထိ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဆင်းပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနတင်မကဘဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲကို ဒီရောဂါအကြောင်း သိကောင်းစရာနဲ့ ကာကွယ်နည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေတာကြောင့် ဒေသခံတွေအတွက်လည်း ဗဟုသုတတွေ အများကြီးရရှိစေပါတယ်။ လက်ကမ်းစာစောင်ဝေတာအပြင် လူအသွားအလာများတဲ့ နေရာတွေမှာလည်း နီပါးဗိုင်းရပ်စ် သတိပေးဆိုင်းဘုတ်တွေကို စိုက်ထူထားကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ကားဂိတ်တွေ၊ ဘုတ်ဆိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေလို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြီး ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ သတိပေး နှိုးဆော်ထားတာကို တွေ့ရပါတယ်။ အခုလို လုပ်ဆောင်ရတာဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရှိနေတာကြောင့် ဒေသတွင်းကို ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးဌာနနဲ့အတူ DLEPS (ရဲတပ်ဖွဲ့)၊ အုပ်ချုပ်ရေး၊ မီးသတ်နဲ့ HDCO စတဲ့ အဖွဲ့အစည်းပေါင်းစုံက အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ်လက္ခဏာတွေခံစားရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ အထူးတိုက်တွန်းထားပါတယ်။
Read moreBorder News Agency အမ်း၊ ဖေဖော်ဝါရီ ၁၁။ အမ်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ လင်မယားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှ အသက်ငါးဆယ့်ခုနှစ်နှစ်အရွယ် ဦးမောင်လုံးနဲ့ ဇနီးဖြစ်သူလေးဆယ့်ရှစ်နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၈ ရက်၊ မနက် ၉ နာရီခွဲ့အချိန်ခန့်က ပြောင်းချောင်းရွာအနောက်ဖက်ရှိ သူတို့ပိုင်တဲ့ဥယျာဉ်ခြံမှာ မြက်ရိတ်စက်နဲ့ ပေါင်းပင်တွေကို ရှင်းလင်းခဲ့ပါတယ်။ အဲဒီလိုရှင်းလင်းရာမှာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို မြက်ရိတ်စက်နဲ့တိုက်မိလို့ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရသွားခဲ့ကြတာလို့ ဆိုကြပါတယ်။ အဲဒီ ဦးလုံးမောင်ရဲ့ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာရသွားပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေးမှာလည်း ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၁။ မြန်မာနိုင်ငံအတွင်းက အဆိုးရွားဆုံး ခံစားနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN OCHA Myanmar) က သတိပေးလိုက်ပါတယ်။ ဒီလိုအကူအညီတွေသာ မရရှိဘူးဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေက ရှည်ကြာနေဦးမယ်လို့ UN OCHA ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံချက် (HNRP) မှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး (Livelihoods) ကို ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတာပါ။ အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ပိုတိုးလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြောင့် အကူအညီပေးရေး လမ်းကြောင်းတွေလည်း ပိုပြီးအပိတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအကူအညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရနိုင်တာကြောင့် မြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့ "ဒေသခံကယ် ဆယ်ရေးအဖွဲ့" တွေကိုပဲ အဓိကအားကိုးပြီး အကူအညီပေးသွားရမှာဖြစ်တဲ့အတွက် သူတို့နဲ့အတူ စွန့်စားရမှုတွေကို မျှဝေခံယူသွားရမယ့် အခြေအနေရှိတယ်လို့ UN OCHA က အသိပေးထားပါတယ်။
Read moreမောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။" လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။ မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ "ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ" လို့ မမိုးမိုးက ဆက်ပြောပါတယ်။ အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။ အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။ အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တွေမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့နီပါး(Nipah Virus )ဗိုင်းရပ်စ် အထူးသတိပြု လက်ကမ်းစာစောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ လိုက်လံဖြန့်ဝေပေးနေပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီတာဝန်တွေစုပေါင်းပြီး (နီပါးဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အများပြည်သူလမ်းတွေ၊ ဈေး၊ ကားဂိတ်၊ ဘုတ်ဆိပ်၊ လမ်းခွဆုံနေရာတွေမှာ ဖြန့်ဝေပေးနေတာပါ။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အသိပညာပေး(ဗီနိုင်း) ဆိုင်းဘုတ်ထောင်တာတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ စတဲ့အသိပညာပေးလုပ်ငန်းတွေကို ဌာနဆိုင်ရာနဲ့ ပူးပေါင်းအောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် ပေါ့ပေါ့ဆဆမနေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားလာရင် အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက်ကြောင့် နီပါးဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်း အာရက္ခဒေသအတွင်းရှိ ပြည်သူတွေ နီပါးဗိုင်းရပ်စ် (Nipah Virus)နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပီးလုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီနီပါး(Nipah)ဗိုင်းရပ်စ်ရောဂါအတွက် ကုသဆေးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သေဆုံးနိုင်ခြေမြင့်မားတာကြောင့် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ရောဂါကူးစက်ခံရသူဟာ သေဆုံးနှုန်း ၄၀ အထက်ရှိပြီး ကူးစက်ခံရပြီးနောက် ရောဂါစပျိုးချိန်ဟာ ပုံမှန်အားနဲ့ ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေနဲ့ ၄၅ ရက်အထိရှိနိုင်တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း နီပါးဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေဖြစ်ပေါ်ပါက အနီးအနားရှိကျန်းမာရေးဌာနကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ကျန်းမာရေးဌာနမှထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ကွင်းဆင်းကာအခမဲ့ဆေးကုသပေးတာနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒေသခံတွေကို ငှက်ဖျားသွေးဖောက်စစ်ဆေးပေးတာ၊ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးတာအပြင် အရေပြားရောဂါနဲ့ အထွေထွေရောဂါတွေကို အခမဲ့ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်ရှိတဲ့ အိမ်ထောင်စုတွေအတွက် CYC ခြင်ထောင် အလုံး ၂၅၀ ကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး HDCO ဘက်ကလည်း ၂ နှစ်အောက် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်တွေ ပေးခဲ့ပါတယ်။ အခုလိုကွင်းဆင်းကုသပေးမှုဟာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသခံပြည်သူတွေအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
Read moreBorder News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင် အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။ သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။ အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreမြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreHey! Don't Copy my content.