Border News Agency မာတီစီးတီး၊ ဖေဖော်ဝါရီ ၂၀ ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုအိုရီယမ်တယ် (Davao Oriental) ပြည်နယ်၊ မာတီစီးတီး (Mati City) မှာ ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်တလုံးမြေပိသွားတာကြောင့် မိသားစုတစုလုံးသေဆုံးသွားခဲ့တယ်လို့ မာတီစီးတီးမီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။ အဲဒီမြေပြိုမှုအတွင်း သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် အမျိုးသားတဦး၊ အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၁၃ နှစ်နဲ့ ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးတို့ဖြစ်ပြီး မိသားစုဝင် စုစုပေါင်း ၄ ဦးစလုံး သေဆုံးသွားခဲ့တာပါ။ အဲဒီမိသားစုဟာ မာတီစီးတီးရှိ Upper Salazar အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး မနက်အစောပိုင်း အိပ်ပျော်နေတဲ့အချိန်မှာ နေအိမ်နောက်ဘက်က တောင်စောင်းပြိုကျပြီး မြေပိခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအပြင် ဒါဗာအိုဒေသ (Davao Region) အတွင်းမှာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး မာတီစီးတီးက ၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအပြင် မွန်ကာယို (Monkayo) မြို့မှာလည်း ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းကမြေပြိုမှုကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ရာ လက်ရှိမှာသေဆုံးသူ စုစုပေါင်း ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာကို ချက်ချင်းသွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြပေမယ့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် လက်ရှိမှာလည်း ဒေသတွင်းမိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် တောင်စောင်းအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို အထူးသတိပြုကြဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားပါတယ်။
Read moreBorder News Agency ကာလီဖိုးနီးယား၊ ဖေဖော်ဝါရီ ၂၀။ ကာလီဖိုးနီးယားပြည်နယ်ရဲ့ ခေတ်သစ်သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဆီးနှင်းတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ မိုးလေဝသပညာရှင်တွေနဲ့ နီဗားဒါးခရိုင်ရဲအရာရှိ Shannan Moon တွေက ဒီနှစ်အတွင်း အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း ကျရောက်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်ကတည်းက ကြိုတင်သတိပေးထားခဲ့တာပါ။ အဲဒီနှင်းမုန်တိုင်းဟာ ကာလီဖိုးနီးယားပြည်နယ်၊ Truckee မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Blackbird Mountain Guides ကုမ္ပဏီက လမ်းပြ ၄ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို Donner Pass အထက်ရှိတောင်စောင်းဆီကို ပို့ဆောင်ခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မထင်မှတ်ဘဲဆီးနှင်းတောင်ပြိုကျမှု (Avalanche) ဖြစ်ပွားလို့ အဖွဲ့ဝင်တွေ ဆီးနှင်းအောက်မှာ ပိတ်မိခဲ့တာပါ။ နှင်းမုန်တိုင်းပြင်းထန်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ နှင်းလျှောစီးကာ ၆ နာရီကြာခက်ခဲစွာ ခရီးနှင်ခဲ့ရပါတယ်။ အဲဒီနောက် ညနေ ၅ နာရီခွဲမှာတော့ အသက်ရှင်ကျန်ရစ်သူ ၆ ဦးဆီကိုရောက်ရှိခဲ့ပြီး ၂ ဦးကို ဆေးရုံကိုပို့ဆောင်ထားရကာ ပျောက်ဆုံးနေသူ ၉ ဦး ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒီအပြင် သေဆုံးသူ ၈ ဦးရှိခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ ရာသီဥတုဆိုးရွားတဲ့အတွက် တောင်ပေါ်ကနေမသယ်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီ ဆိုးရွားတဲ့ဆီးနှင်းတောင်ပြိုကျမှုတခုလည်း ဆွစ်ဇာလန်နိုင်ငံ (Swiss Alps) မှာ ဖြစ်ခဲ့ပါတယ်။ ပြိုကျလာတဲ့ဆီးနှင်းထုကြီးက မောင်းနှင်လာတဲ့ရထားတစင်းကို တိုက်ရိုက်ရိုက်ခတ်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေပါတယ်။ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က လမ်းပြကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအပြင် Placer ခရိုင်ရဲအရာရှိ Wayne Woo ကလည်း မုန်တိုင်းမပြီးမချင်း တောင်တန်းဒေသဆီကို လာရောက်တာမျိုးမလုပ်ကြဖို့ အလေးအနက်သတိပေးထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၀။ ထိုင်းနိုင်ငံမှာ လာမယ့်ဖေဖော်ဝါရီလ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ပြင်းထန်တဲ့နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်ပြီး ခရိုင်ပေါင်း ၁၈ ခုမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန (TMD) က ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစတင်ပြီး နွေရာသီကို တရားဝင်ကူးပြောင်းတော့မှာပါ။ အခုလို ရာသီကူးပြောင်းချိန်အတွင်း ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်အထိ ထိုင်းနိုင်ငံအထက်ပိုင်းမှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလက်တာတွေနဲ့အတူ အချို့နေရာတွေမှာ မိုးသီးကြွေတာတွေအထိ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ၂၀ ရက်မှာဆိုရင် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့တောင်ပိုင်းရှိ ခရိုင် ၁၈ ခုမှာ မိုးရွာဖို့အလားအလာရှိနေပါတယ်။ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပွန်၊ လန်ပန်းနဲ့ တာ့ခ်ခရိုင်တို့မှာ မိုးရွာဖို့ ၁၀ ရာခိုင်နှုန်းရှိပြီး တောင်ပေါ်ဒေသတွေမှာ အေးမြမှုကိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် ချောင်ဘူရီ၊ ရယောင်း၊ ကျန်သဘူရီနဲ့ ထရတ်ခရိုင်တို့မှာလည်း နေ့အပူချိန်ပြင်းတာကြောင့် မိုးရွာဖို့ အလားအလာ ရှိနေတာပါ။ တောင်ပိုင်းက ဆူရတ်သနီ၊ နခွန်စီသမာရတ်၊ ပတ်သလုံ၊ ယဲလာ၊ နာရသီဝပ်နဲ့ ပတ္တနီခရိုင်တို့မှာလည်း မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ နေ့အပူချိန်ဟာ အမြင့်ဆုံး ၃၆ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိနိုင်ပြီး ရာသီဥတုပူပြင်းမှာဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာခန့်ရှိနိုင်ပြီး မိုးသက်လေပြင်းကျချိန်မှာ လှိုင်းပိုကြီးနိုင်တာကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘောငယ်တွေသတိပြုကြဖို့ ထပ်မံအသိပေးထားပါတယ်။ ရာသီဥတု ရုတ်တရက်ပြောင်းလဲတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြဖို့နဲ့ လေပြင်းဘေးကနေ ကင်းဝေးစေဖို့ အဆောက်အအုံတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ ခိုင်ခံ့မှု ရှိ၊ မရှိ စစ်ဆေးထားကြဖို့ လိုအပ်တယ်လို့ ထိုင်းမိုးဇလ (TMD) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read moreBorder News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၂၀။ ကမ္ဘောဒီးယားနိုင်ငံ၊ ဘတ်တမ်ဘန်းပြည်နယ်မှာ ပြင်းထန်တဲ့တောမီးလောင်ကျွမ်းမှုကြောင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးပိုင် သစ်စက်ရုံတရုံနဲ့ လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ဘက်သတင်းတွေအရ သိရပါတယ်။ ဘာနွန် (Banon) မြို့နယ်ရှိ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပန်ဝမ်ရော့ဒ် (Phan Wanrod) ပိုင်ဆိုင်တဲ့ သစ်အချောထည်စက်ရုံဟာ ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၁၁ နာရီ ၅၄ မိနစ်အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ အဲဒီတောမီးဟာ အရှိန်အဟုန်ပြင်းစွာနဲ့ကူးစက်လာပြီး ချေတီးလ် (Cher Teal) ကျေးရွာအုပ်စုရှိ ကမ်ပုန်းချလောင်ကျေးရွာက လူနေအိမ် ၆၀ ကျော်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတောမီးဟာ မြေဧရိယာရိုင် ၁,၀၀၀ ကျော် (ဧက ၂,၅၀၀ ခန့်) အထိကျယ်ပြန့်စွာလောင်ကျွမ်းနေပြီး လေပြင်းတိုက်ခတ်နေတာကြောင့် မီးငြှိမ်းသတ်ဖို့ ခက်ခဲနေပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေရာဟာ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်နဲ့ ၇၀ ကီလိုမီတာခန့် ကွာဝေးတာကြောင့် ထိုင်းနယ်စပ်ဒေသဆီကိုတော့ တိုက်ရိုက်သက်ရောက်မှု မရှိသေးဘူးလို့ သိရပါတယ်။ အဲဒီ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။
Read moreBorder News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၉။ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း သစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးထဲမှာပိတ်မိသေဆုံးနေတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်ကျေ၊ ဗန်တေးမိန်ကျေနဲ့ ပရိဝိဟာပြည်နယ်ရှိ နယ်စပ်တလျှောက် သစ်တောတွေမှာဖြစ်ပွားနေတာပါ။ ဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှေ့တန်းရှိ ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေပိတ်ဆို့ဖို့အတွက်ရည်ရွယ်ပြီး တောမီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာကနေ စတင်ခဲ့တာလို့သိရပါတယ်။ ဖနွန်ကူလန် အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိတဦးကတော့ တောမီးရှို့မှုကြောင့် စပါးကြီးမြွေကြီးတွေအပါအဝင် တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးဘေးကမလွတ်ဘဲ အလွန်သနားစရာကောင်းအောင် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေရဲ့အိုးအိမ်ဖြစ်တဲ့ သစ်တောတွေကိုမဖျက်ဆီးကြဖို့ကိုလည်း သူကဆက်လက်တောင်းဆိုထားပါတယ်။ ဒီတောမီးရှို့မှုကြောင့် သစ်တောအတွင်းရှိ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်းများစွာဟာ မီးဘေးလွတ်ရာကို မပြေးနိုင်ဘဲ မီးပုံအတွင်းပိတ်မိကာ အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read moreBorder News Agency နယူးဇီလန်၊ ဖေဖော်ဝါရီ ၁၇။ နယူးဇီလန်နိုင်ငံ၊ မြောက်ကျွန်းစုမှာ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းကတိုက်ခတ်နေတဲ့ ပြင်းထန်တဲ့မုန်တိုင်းကြောင့် မြို့တော်ဝယ်လင်တန်အပါအဝင် ဒေသအများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာ Manawatū - Whanganui ဒေသတခုလုံးအပြင် Waikato ဒေသအတွင်းရှိ Waipā နဲ့ Ōtorohanga မြို့နယ်တွေကို အရေးပေါ်အခြေအနေသတ်မှတ်ထားရတာ ဖြစ်ပါတယ်။ Tararua၊ Manawatū နဲ့ Masterton မြို့တွေမှာလည်း ရေကြီးမှုနဲ့သစ်ပင်ပြိုလဲတဲ့အန္တရာယ်တွေကြောင့် ပြည်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။ အဲဒီ မုန်တိုင်းဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်နေပြီး ဝယ်လင်တန်၊ Palmerston North နဲ့ Napier လေဆိပ်တွေမှာ လေကြောင်းခရီးစဉ် ၁၀၀ နီးပါး ဖျက်သိမ်းထားရသလို ကူးတို့သင်္ဘောနဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်နားထားရတာ ဖြစ်ပါတယ်။ အဲဒီအပြင် ဘေးကင်းလုံခြုံရေးအတွက် ဝယ်လင်တန်အထက်တန်းကျောင်းနဲ့ Rongotai ကောလိပ်အပါအဝင် စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ အဲဒီ Powerco လျှပ်စစ်ဌာနရဲ့ထုတ်ပြန်ချက်အရ တနိုင်ငံလုံးရှိအိမ်ခြေ ၃၃,၀၀၀ ခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး Plimmerton မြို့ရှိ စားသောက်ဆိုင်နဲ့ အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းဟာ တောင်ကျွန်း (South Island) ဘက်သို့ ဆက်လက်ရွေ့လျားမှာဖြစ်လို့ အာဏာပိုင်တွေက ပြည်သူတွေကိုနေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့သတိပေးထားပါတယ်။
Read moreBorder News Agency အန်တာနာနာရီဗို၊ ဖေဖော်ဝါရီ ၁၄။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်တဲ့ မတ်ဒါဂတ်စကာ (Madagascar) မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း "Gezani" ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အိုးအိမ်နဲ့အခြေခံအဆောက်အအုံတွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မတ်ဒါဂတ်စကာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တိုအာမာစီနာ (Toamasina) မြို့အနီးကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) နှုန်းရှိတဲ့ လေပြင်းတွေနဲ့အတူ မုန်တိုင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မတ်ဒါဂတ်စကာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNRGC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅ ဦးအထိရှိလာပြီး လူ ၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၇၄ ဦးရှိနေပြီး၊ နေအိမ်ပျက်စီးသွားတဲ့ လူပေါင်း ၈,၈၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။ ဒီမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်နေပြီး မြို့အများစုမှာလျှပ်စစ်မီးနဲ့ သောက်သုံးရေစနစ်တွေ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပြိုကျနေတဲ့အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြသလို ယာယီစခန်းတွေမှာလည်း စားနပ်ရိက္ခာတွေဖြန့်ဝေပေးနေပါတယ်။ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်ရှိနေဦးမှာဖြစ်လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့မြေပြိုတဲ့အန္တရာယ်ကို သတိထားကြဖို့ထုတ်ပြန်ထားပါတယ်။ စီးပွားရေးအရလည်း မုန်တိုင်းဒဏ်သင့်ဒေသက ဗနီလာ (Vanilla) နဲ့ လေးညှင်းစိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် အတော်လေးဆုံးရှုံးမှုဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ UNICEF နဲ့ ကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက မုန်တိုင်းသင့်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ထိုင်းနိုင်ငံ၊ လွယ်ခရိုင်ရှိ ဖူးစနောင်း (Phu Sanao) တောင်ကုန်းနယ်မြေမှာ နွေရာသီတောမီးလောင်ကျွမ်းမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့နဲ့ မီးခိုးငွေ့ညစ်ညမ်းမှုကိုလျှော့ချနိုင်ဖို့အတွက် အမှတ် ၂၈ စစ်ဒေသဌာနချုပ် (MTB 28) က ဦးဆောင်ပြီး မီးတားလမ်းဖောက်လုပ်တာနဲ့ တောမီးထိန်းချုပ်ရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို ဗိုလ်ချုပ်ပရာဆတ် ဆင်းခွန်ခေียว (Maj . Gen. PrasertSingkhonkheiao) က အနီးကပ်ညွှန်ကြားခဲ့တာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစင်တာကတပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်ဘက်ဌာနဆိုင်ရာတွေက စုစုပေါင်းအင်အား ၁၁၃ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြတာပါ။ တောမီးစတင်ကူးစက်နိုင်ခြေမြင့်မားတဲ့ အမှတ် ၃ မီးတားလမ်းအချာချနဲ့ ကမ်လန်းအက် (Kamlang-ek) ဂေါက်ကွင်း ခြံစည်းရိုးကနေ ဟွေ့နွိုင်း (Huai Noi) ဆည်အထိ စုစုပေါင်းအကွာအဝေး ၁,၅၀၀ မီတာကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး မီးတားလမ်း (Firebreak) ဖောက်လုပ်ခဲ့ကြပါတယ်။ အဲဒီလို မီးတားလမ်းဖောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ တောမီးလောင်ခဲ့ရင် စိုက်ပျိုးရေးမြေတွေ၊ လူနေရပ်ကွက်တွေနဲ့ သဘာဝတောတောင်တွေထဲကို မီးကူးစက်ပျံ့နှံ့မသွားအောင် တားဆီးဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် တောမီးကြောင့်ဖြစ်ပေါ်လာတဲ့ PM 2.5 ဖုန်မှုန့်နဲ့ မီးခိုးငွေ့ပြဿနာတွေကိုလျှော့ချပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်ဖို့အတွက်လည်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဒေသခံပြည်သူတွေအနေနဲ့ တောမီးရဲ့ဆိုးကျိုးတွေကို သိရှိနားလည်လာပြီး တောမီးရှို့တဲ့အလေ့အထတွေကို ရပ်တန့်သွားစေဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ထိုင်းနိုင်ငံ၊ ကိုးရတ် (နခွန်ရာချစီမာ) ခရိုင်ထဲက စကေးရတ် (Sakaerat) သဘာဝပတ်ဝန်းကျင် သုတေသနနယ်မြေမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းနေပါတယ်။ အဲဒါကြောင့် ဒုတိယဝန်ကြီးချုပ်နဲ့ သယံဇာတပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နိုင်းဆုချတ်ချွန်ကလင်းက လေကြောင်းကနေ အရေးပေါ်ရေပက်ငြှိမ်းသတ်ဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတောမီးကိုအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဝမ်နမ့်ခေမြို့နယ်၊ ဘန့်ဝမ်နမ့်ခေ ကျောင်းမှာ "တောမီးငြှိမ်းသတ်ရေး ကွပ်ကဲမှုစင်တာ" ကို ချက်ချင်းဖွင့်လှစ်ခဲ့ပြီး၊ နခွန်ရာချစီမာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဝိကျစ်ကွစ်ဝိရတ်က တာဝန်ယူ ကြီးကြပ်နေတာပါ။ အဲဒီတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ ဟယ်လီကော်ပတာနဲ့ ကွင်းဆင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ မီးဟာအင်တိုင်းတောထဲက ခြောက်သွေ့နေတဲ့မြက်ပင်တွေနဲ့ ဝါးရုံတွေကြားထဲ ကူးစက်လောင်ကျွမ်းနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနပိုင်လေယာဉ်တွေနဲ့ မီးလောင်ရာနေရာကို အကြိမ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ပျံသန်းပြီး ရေပက်ဖျန်း ငြှိမ်းသတ်ခဲ့ပါတယ်။ အဲဒီလို လေကြောင်းကနေငြှိမ်းသတ်မှုကြောင့် မီးအရှိန်သိသိသာသာလျော့ကျသွားပေမယ့် လုံးဝငြိမ်းသွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီနေ့၊ မနက် ၈ နာရီခွဲမှာလေကြောင်းကနေထပ်မံစစ်ဆေးပြီး မီးလုံးဝငြှိမ်းသတ်နိုင်တဲ့အထိ ထိရောက်တဲ့စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဝန်ကြီးနိုင်းဆုချတ်ကတော့ သဘာဝသယံဇာတတွေကိုကာကွယ်ဖို့နဲ့ ပြည်သူတွေမီးခိုးငွေ့ဒဏ်မခံရအောင် ဌာနဆိုင်ရာအားလုံးပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်ကြဖို့ အလေးအနက်မှာကြားထားပါတယ်။
Read moreBorder News Agency စပိန်၊ ဖေဖော်ဝါရီ ၉။ ဥရောပတောင်ပိုင်းကစပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်ကတိုက်ခတ်ခဲ့တဲ့ "လီယိုနာဒို" မုန်တိုင်းအပြီး ဒီအပတ်မှာတော့ "မာတာ (Marta)" မုန်တိုင်းထပ်ဝင်လာလို့ စပိန်မိုးလေဝသအေဂျင်စီ (AEMET) က ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီမုန်တိုင်းဟာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့အထိလည်း မုန်တိုင်းအရှိန်ကဆက်ပြင်းနေတုန်းပဲလို့ ဆိုပါတယ်။ ဒီမာတာမုန်တိုင်းကြောင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ရပြီး စပိန်မြောက်ပိုင်း အာဗီလာ (Avila) ဒေသမှာ နှင်းရှင်းတဲ့ကားမောင်းသူတဦးလည်း မီတာ ၂၀ အမြင့်ရှိတဲ့ ချောက်ထဲလျှောကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ပေါ်တူဂီနိုင်ငံ ပေါ်တယ်လီဂရီ (Portalegre) မှာလည်း အသက်လေးဆယ့်ခြောက်နှစ်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စပိန်တောင်ပိုင်းအန်ဒလူစီးယား (Andalusia) ဘက်မှာ မြစ်ရေလျှံလို့ လူပေါင်းတသောင်းတထောင်ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး ပြည်သူတွေအိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ဆိုပါတယ်။ အဲဒီမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလည်းထိခိုက်နေပြီး စပိန်တောင်ပိုင်း ကာဒစ်ဇ် (Cadiz) ပြည်နယ်က လယ်သမားအဖွဲ့ (COAG) ရဲ့ပြောပြချက်အရ ဘရိုကိုလီ၊ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီစိုက်ခင်း ဟက်တာထောင်နဲ့ချီပြီး ရေအောက်ရောက်သွားပြီလို့ ဆိုပါတယ်။ အဲဒီ ပေါ်တူဂီစိုက်ပျိုးရေးဝန်ကြီးဌာနကလည်း လာမယ့်ရက်ပိုင်းအတွင်း စိုက်ပျိုးရေးနဲ့ သစ်တောကဏ္ဍမှာ ဆုံးရှုံးမှုတန်ဖိုး ယူရို ၇၅၀ သန်း (ဒေါ်လာ ၈၉၀ သန်း) လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအပြင် စပိန်တနိုင်ငံလုံးမှာ လမ်းပေါင်း ၁၇၀ နီးပါးကို ဘေးကင်းအောင်ပိတ်ထားရသလို၊ စပိန်လာလီဂါရဲ့ ပွဲစဉ်ကြီးဖြစ်တဲ့ ဆီဗီလာ (Sevilla) နဲ့ ဂီရိုနာ (Girona) အသင်းတို့ပွဲကိုလည်း ရာသီဥတုဆိုးလို့ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ စပိန်နဲ့ ပေါ်တူဂီမှာ ဒီနေ့အထိမိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ရေကြီးတာတွေ ဆက်ဖြစ်နေပြီး မုန်တိုင်းအရှိန်ကနောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအထိ ဆက်ပြင်းနေဦးမယ်လို့ သိရပါတယ်။ ပေါ်တူဂီအစိုးရက လက်ရှိမှာကယ်ဆယ်ရေးသမား နှစ်သောင်းခြောက်ထောင်ငါးရာကျော်ကို အသင့်ပြင်ထားပြီး ရေဘေးသင့်သူတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။
Read moreHey! Don't Copy my content.