နိုင်ငံတကာ

ထိုင်း – ကမ္ဘောဒီးယားစစ်ရေးတင်းမာနေလို့ ကမ္ဘောဒီးယားရွာသားတွေရွှေ့ပြောင်းနေရ

​Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုမြင့်တက်လာနေတာကြောင့် နယ်စပ်ရှိကမ္ဘောဒီးယားရွာသားတွေကို ဘေးလွတ်ရာသို့ ဒုတိယအကြိမ်မြောက် အရေးပေါ်ရွှေ့ပြောင်းဖို့ ကမ္ဘောဒီးယားစစ်တပ်က အမိန့်ပေးထားတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီနယ်စပ်ရှိ ကျေးရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်ကစပြီး သူတို့ရဲ့အဖိုးတန်ပစ္စည်းတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ တင်ဆောင်ကာဘေးကင်းရာသို့ စတင်ရွှေ့ပြောင်းနေကြတာ ဖြစ်ပါတယ်။ ​အခုလို ရွာသားတွေကိုရွှေ့ပြောင်းခိုင်းတာဟာ ကမ္ဘောဒီးယားစစ်တပ်ဘက်က ရှေ့တန်းမှာတောမီးရှို့ကာ မီးခိုးမြူအကာအကွယ်ယူပြီး စစ်အင်အားနဲ့လက်နက်ဖြည့်တင်းတာ၊ မြေမြှုပ်မိုင်းသစ်တွေချထားတာတွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ​စစ်ရေးလေ့လာသူတွေကတော့ ဒီလုပ်ရပ်ဟာတိုက်ပွဲဖြစ်လာရင် အရပ်သားထိခိုက်မှုကိုလျှော့ချဖို့ ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေကို လျှို့ဝှက်လုပ်ဆောင်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ​ထိုင်းတော်ဝင်တပ်မတော်ဘက်ကတော့ နယ်စပ်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ ကောလာဟလတွေကိုမယုံကြည်ဖို့နဲ့ စိုးရိမ်စရာမရှိဘူးလို့ Army Military Force က ဆိုထားပါတယ်။ ​လက်ရှိမှာ ထိုင်းရှေ့တန်းကင်းစခန်းတွေကနေ နယ်စပ်ဖြတ်ကျော်သွားလာမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ၂၄ နာရီပတ်လုံး အထူးသတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Read more

ထိုင်းမှာကောလ်စင်တာဂိုဏ်းအတွက် ငွေထုတ်ပေးနေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားသား ၄ ဦး ဖမ်းဆီးခံရ

​ထိုင်းနိုင်ငံ၊ နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (TCSD) နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းကာ ကောလ်စင်တာဂိုဏ်းထံက ငွေတွေကို ဘဏ်အကောင့်တု (မူးအကောင့်)ကတဆင့် လိုက်လံထုတ်ယူပေးနေတဲ့ နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီနိုင်ငံခြားသားတွေကို စမွတ်ပရာကန်ခရိုင်အတွင်းရှိ ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ CIB ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ​အဲဒီ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံသား ၃ ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဆိုဖွန်၊ အသက် ၂၃ နှစ်အရွယ် မောင်ဘန်နာရစ်၊ အသက် ၃၇ နှစ်အရွယ် မဆိုရန် နဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် မောင်တက် တို့ ဖြစ်ကြပါတယ်။ သူတို့ကို ပြည်သူတွေကို လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း သတင်းအမှားထည့်သွင်းမှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ​ဒီအမှုဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖုန်းရောင်းတယ်ဆိုပြီး ငွေလွှဲယူပြီး ပစ္စည်းမပို့တဲ့ လိမ်လည်မှုကနေ စတင်ခဲ့တာပါ။ အဲဒီနောက် ရဲတပ်ဖွဲ့အယောင်ဆောင်ထားတဲ့ ဂိုဏ်းဝင်တွေက နစ်နာသူတွေကို ဆက်သွယ်ကာ ဆုံးရှုံးသွားတဲ့ ငွေပြန်ရအောင် ကူညီမယ်ဆိုပြီး ရှယ်ယာရင်းနှီးမြှုပ်နှံခိုင်းကာ ထပ်မံလိမ်လည်ခဲ့ပါတယ်။ အဲဒါကြောင့် နစ်နာသူစုစုပေါင်း ဘတ် ၈ သိန်းကျော် (မြန်မာငွေ သိန်း ၈၀၀ နီးပါး) ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ​ဒါအပြင် အဲဒီ တရားခံတွေကို ဖမ်းဆီးချိန်မှာ ငွေသား ဘတ် ၃ သိန်းကျော်၊ စုစုပေါင်းပစ္စည်းတန်ဖိုး ဘတ် ၅ သိန်းကျော်ဖိုးနဲ့အတူ လက်ကိုင်ဖုန်းတွေ၊ ATM ကတ်တွေ၊ ဘဏ်စာအုပ်တွေနဲ့အတူ ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ​တရားခံတွေရဲ့ ထွက်ဆိုချက်အရ မဆိုဖွန်ဟာ ဘဏ်အကောင့်တုပိုင်ရှင်ဖြစ်ပြီး တခါ ငွေထုတ်ပေးရင် ကော်မရှင်ခ ၂၀ ရာခိုင်နှုန်း ရရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် မောင်ဘန်နာရစ်က ဂိုဏ်းခေါင်းဆောင်နဲ့ ငွေထုတ်အဖွဲ့ကို ပေါင်းစပ်ပေးသူဖြစ်ပြီး ငွေတွေကို နယ်စပ်သို့ ပို့ဆောင်ပေးရသူဖြစ်တယ်လို့ ဆိုပါတယ်။ ​မြန်မာအမျိုးသားဖြစ်တဲ့ မောင်တက်ကတော့ ဘဏ်အကောင့်တုပိုင်ရှင်ဆီကို ငွေထုတ်ပေးသူဖြစ်ကာ တကြိမ်ကို အခကြေးငွေ ဘတ် ၅၀၀ ရရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့အားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

Read more

​ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၅၇ ဦးအထိ ရှိလာပြီး ၂၂ ဦး ပျောက်ဆုံးနေ

​ဖိလစ်ပိုင်တောင်ပိုင်း၊ ဘာစီလန်ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည် ၃၅၀ ကျော် လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီး နစ်မြုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိသေဆုံးသူ ၅၇ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေက ရေအောက်ထဲကနေ ရုပ်အလောင်း ၃ လောင်းကို မနေ့ကထပ်မံဆယ်ယူရရှိခဲ့တယ်လို့သိရပါတယ်။ ​အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၃၅၀ ကျော်နဲ့အတူနစ်မြုပ်သွားခဲ့တာဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းတွေကို သီတင်းပတ် နှစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဆောင်ရွက်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ​ဌာနပေါင်းစုံက စာရင်းတွေကို ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးနောက် နောက်ဆုံးအတည်ပြုချက်အရ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦးရှိပြီး ၂၂ ဦးကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာတော့ ရေအောက်ရေစီးကြောင်း သန်နေတာကြောင့် သင်္ဘောရဲ့ အချို့အခန်းတွေထဲအထိ ဝင်ရောက်ရှာဖွေဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေကို ပြန်တွေ့နိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ရေငုပ်ရှာဖွေမှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။

Read more

အိန္ဒိယမှာ မုန်တိုင်းမိပြီးထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး နေရပ်ပြန်ရောက်

​ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ ​အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ​သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ​အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Read more

ချင်းမိုင်နယ်စပ်မှာစိတ်ကြွဆေး ၃ သန်းခွဲကျော် ဖမ်းမိပြီး မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံး

​ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်အတွင်းမှာ တရက်အတွင်း စိတ်ကြွဆေးပြား ၃ သန်းခွဲခန့်သိမ်းဆည်းရမိခဲ့သလို အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖာမိန်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ချင်းမိုင်ခရိုင်၊ မယ်အိုင်း (Mae Ai) မြို့နယ်၊ သာမကန်းရွာအနီး နယ်စပ်တောထဲမှာဝှက်ထားတဲ့ ကောက်ရိုးအိတ် ၁၉ အိတ်ကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက​ဖေဖော်ဝါရီလ ၁၅ ရက်၊ညနေပိုင်းရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီအိတ်တွေထဲကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သန်းခွဲကို သိမ်းဆည်းရမိခဲ့ပေမယ့် တရားခံတွေကိုတော့ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။ ​အဲဒီလို ဖမ်းဆီးရမိမှုမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ စန်ဂျုရွာအနီး နယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းကျော် ၁၄ အိတ် ကို သိမ်းဆည်းရမိခဲ့တာပါ။ ​ဖာမိန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်ကနေ ဒီနေ့အထိ ၄ လကျော်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၈ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ အဲဒီဖမ်းဆီးမှုတွေအတွင်း တရားခံ ၂၃၉ ဦးကို ဖမ်းမိခဲ့သလို သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၂၅ သန်းကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။ ​ဒါ့အပြင် ၄ လကျော်အတွင်း နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှု ၃၂ ကြိမ် ရှိခဲ့ပြီး မူးယစ်အဖွဲ့ဝင် ၁၆ ဦး သေဆုံးသွားခဲ့ပြီလို့လည်း သိရပါတယ်။ အဲဒီ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘန်ကောက်မြို့ကို ရောက်သွားမယ်ဆိုရင် ကာလတန်ဖိုး ဘတ်သန်းပေါင်း ၂၄,၄၀၇ သန်းခန့် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဝင်ရောက်မှုတွေ အလွန်များပြားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Read more

​တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း ထွက်ခွာဖို့ စစ်ကော်မရှင်ပြော

​ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အေလီယို ဒီ ရိုဆာရီယို ဖာနန်ဒက်စ် (Mr. Elio de Jesus Rosario Fernandes) ကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက်နောက်မကျဘဲ မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ​တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် အခုလို သံတမန်ရေးအရ အရေးယူရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ ​ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တီမောလက်စ်တေ သမ္မတဟာ မြန်မာစစ်တပ်အရာရှိတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ချိုးဖောက်တာဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။ ​ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ၂၉ ရက်နေ့က လာအိုနိုင်ငံမှာကျင်းပတဲ့ အစည်းအဝေးတုန်းကလည်း စစ်ကော်မရှင်ဘက်က ကန့်ကွက်ခဲ့သလို တီမောလက်စ်တေဘက်က ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် တီမောလက်စ်တေဘက်က တရားဝင်ရှင်းလင်းချက် မပေးတဲ့အပြင် မြန်မာနိုင်ငံက အဖွဲ့အစည်းအချို့နဲ့ ဆက်လက်ထိတွေ့နေတာကြောင့် အခုလို သံတမန်ကို နှင်ထုတ်တဲ့အထိ ဖြစ်လာတာပါ။ ​မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအချင်းချင်း တန်းတူရည်တူရှိရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒတွေကို လေးစားလိုက်နာဖို့ တီမောလက်စ်တေဘက်ကို အမြဲတစေ သတိပေးခဲ့တယ်လို့လည်းဆိုပါတယ်။ ​အတယ်လို့ တီမောလက်စ်တေဘက်က သူတို့ရဲ့ ရပ်တည်ချက်တွေကို မပြောင်းလဲဘူးဆိုရင် နောက်ထပ် ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း စစ်ကော်က သတိပေးထားပါတယ်။

Read more

​မြူးနစ်ညီလာခံအပြင်ဘက်မှာ အီရန်အတိုက်အခံ ၂ သိန်းခွဲခန့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

Border News Agency  ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။ ​ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို "ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့" အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီ​ဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Read more

ထာ့ဆောင်ယန်းမှာ ခိုးဝင်လာတဲ့မြန်မာလုပ်သား ၅ ဦး ဖမ်းဆီးခံရ

​ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းသို့ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကျော်ကာခိုးဝင်လာတဲ့ မြန်မာလုပ်သား ၅ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အမှတ် ၃၅ နယ်ခြားစောင့်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ နယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်တာတွေကို တားဆီးဖို့ ကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် လှေတစီး ကမ်းကပ်လာတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလှေကို ​တပ်ဖွဲ့ဝင်တွေဝင်ရောက်စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတရာမရှိဘဲ ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၅ ဦးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ကိုစစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံအတွင်းပိုင်းရှိစမွတ်စာခွန်ခရိုင် (Samut Sakhon) သို့ သွားရောက်အလုပ်လုပ်ဖို့ လာတာလို့ ဆိုထားပါတယ်။ သောင်ရင်းမြစ်ကမ်းစပ်သို့ ရောက်ရင် လာကြိုမယ့်သူရှိပြီး အဲဒီကတဆင့် အလုပ်ခွင်သို့ ပို့ဖို့စီစဉ်ထားတယ်လို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။ ​အဲဒီဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၅ ဦးစလုံးကိုတရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း နေထိုင်မှုဥပဒေတွေနဲ့အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။

Read more

ကုလသမဂ္ဂလွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

​အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ကျင်းပခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပါပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ကုလသမဂ္ဂ (UN) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်း၊ဒေါ်မြမျိုးအေးနဲ့ဒေါ်ဖြူဖြူလွင်တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ​ကြားနာပွဲအတွင်း မြန်မာကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်ဖြိုဖျက်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပြည်သူ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ကိုယ်စားပြုမှု မရှိတဲ့အတွက် ဒီမိုကရေစီကို နောက်ထပ်စိန်ခေါ်မှုဖြစ်စေတယ်လို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။ ​နိုင်ငံတကာအနေနဲ့ အာဏာကိုအတင်းအဓမ္မသိမ်းယူထားသူတွေကို ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တန်းတူဆက်ဆံနေမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေ အားနည်းသွားမှာဖြစ်လို့ မူဝါဒပိုင်းတသမတ်တည်းရှိဖို့ အရေးကြီးတယ်လို့လည်း တိုက်တွန်းထားပါတယ်။ အဲဒီကြားနာပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

Read more

ချင်းဒေါင်မှာ စိတ်ကြွဆေးပြား ၉.၉ သန်းကျော်နဲ့အတူ တရားခံတဦးကိုဖမ်းခံရ

​ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်အတွင်း ၆ ဘီးတပ် ကုန်တင်ကားတစီးပေါ်မှာ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၉,၉၇၀,၀၀၀ (၁၀ သန်းနီးပါး) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီဖာမိူင်းတပ်ဖွဲ့နဲ့ နယ်မြေခံအထူးတပ်ဖွဲ့တွေဟာ ချင်းဒေါင်မြို့နယ်၊မိူင်းနမြို့နယ်ခွဲရှိ ရင်းလွမ်ကျေးရွာအနီး စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးမှုတွေလုပ်ဆောင်စဉ် အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ​စစ်ဆေးရေးဂိတ်မှာ သံသယဖြစ်ဖွယ် ၆ ဘီးတပ်ကုန်တင်ကားတစီးကို တားဆီးစစ်ဆေးရာကနေ ကားအတွင်း အထူးပြုလုပ်ထားတဲ့ ဆာလာအိတ် ၅၀ နဲ့ ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဖာမိူင်းတပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ် သာသစ် ဝိုင်ယနွန့်ကတော့ ဒီဖမ်းဆီးမှုဟာ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးရဲ့ ရလဒ်တခုဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။ အဲဒီ​မူးယစ်ဆေးဝါးတွေနဲ့အတူ ကားမောင်းနှင်လာသူ အမျိုးသားတဦးကို လက်ရဖမ်းဆီးရမိခဲ့ပြီး သက်သေခံကုန်တင်ကားကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ အဲဒီတရားခံနဲ့ သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် နာဝိုင် (Na Wai) ရဲစခန်းဆီ ပို့ဆောင်လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။

Read more
Page 24 of 33 1 23 24 25 33

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here