နိုင်ငံတကာ

​အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားလမ်းပိုင်းကိုဖွင့်လှစ်

​အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံရဲ့ပထမဆုံး Namo Bharat အမြန်ရထားစနစ်နဲ့ မက်ထရိုရထားကို ဖွင့်လှစ်ပေးလိုက်ပြီး Delhi–Meerut လမ်းပိုင်းကို နိုင်ငံအတွက် အပ်နှံပေးလိုက်တယ်ပြီလို့ အိန္ဒိယအစိုးရသတင်းပြန်ကြားရေးဌာန(PIB) က ထုတ်ပြန်ထားပါတယ်။ ​ဒါဟာ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံ ခေတ်သစ်တခုရဲ့ အစဖြစ်သလို ဒေသခံတွေရဲ့လူနေမှုဘဝကို ပိုပြီး ချောမွေ့အဆင်ပြေစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်အမြန်ရထားနဲ့ မက်ထရိုဝန်ဆောင်မှုတွေကို ပလက်ဖောင်းတခု၊လမ်းကြောင်းတခုတည်းကနေ ပူးပေါင်းပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာတာဟာ 'ဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယနိုင်ငံ'ဖြစ်လာဖို့အတွက် အဓိကစွမ်းအားစုတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

Read more

အာဖဂန်မှာအရပ်သားအများအပြားသေဆုံးခဲ့တာကြောင့် နှစ်နိုင်ငံတင်းမာမှုမြင့်တက်နေ

​အာဖဂန်နစ္စတန်နိုင်ငံ၊ အရှေ့ပိုင်း နန်ဂါဟာ (Nangarhar) နဲ့ ပက်တီကာ (Paktika) ပြည်နယ်တွေထဲကို ပါကစ္စတန်နိုင်ငံက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်အရပ်သား အများအပြားသေဆုံးခဲ့တယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နန်ဂါဟာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Sayed Tayeeb Hammad က "အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ အိမ်တလုံးတည်းမှာတင်မိသားစုဝင် ၂၃ ဦးရှိနေပြီး ၅ ဦးကိုတော့ဒဏ်ရာတွေနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်။"လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်တာဟာ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို တိုက်ရိုက်ထိမှန်ခဲ့တာဖြစ်တယ်လို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ​ပါကစ္စတန်နိုင်ငံဘက်ကတော့ သူတို့နယ်မြေအတွင်း တိုက်ခိုက်မှုတွေလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဖဂန်နယ်မြေကို အသုံးချနေတာကြောင့် တိုက်ခိုက်ရတာလို့ဆိုထားပေမယ့် အာဖဂန်အာဏာပိုင်တွေကတော့ ဒီစွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပါကစ္စတန်ရဲ့ လုပ်ရပ်အပေါ် "သင့်တော်ပြီး တွက်ချက်ထားတဲ့တုံ့ပြန်မှုမျိုး ပြုလုပ်သွားမယ်။"လို့ သတိပေး ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ပါကစ္စတန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် အာဖဂန်အရပ်သား ၇၀ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ​ကုလသမဂ္ဂအဖွဲ့ (UN) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီ ကာတာ၊ တူရကီနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးတာတွေရှိနေပေမယ့် နှစ်နိုင်ငံနယ်စပ်တွေ လပေါင်းများစွာပိတ်ထားရတာကြောင့် ဒေသခံတွေမှာ လူမှုစီးပွားအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Read more

အစိုးရတာဝန်ပြီးဆုံးသွားတဲ့ ပရော်ဖက်ဆာယူနွတ်စ် မူလတာဝန်တွေပြန်လည်ထမ်းဆောင်

Border News Agency  ​ဒါကာ၊ ဖေဖော်ဝါရီ ၂၂ ။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရအဖွဲ့ကို ၁၈ လကြာ တာဝန်ယူဦးဆောင်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမတ်ဒ်ယူနွတ်စ်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့ Yunus Centre ကို ပြန်လည်ရောက်ရှိလာပါတယ်။ ​ဒီကနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Telecom Bhaban ကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာယူနွတ်စ်ကို လုပ်ဖော်ကိုင်ဖက်တွေက နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။  အဲဒီနောက်မှာတော့ သူဟာ Grameen အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေကို ချက်ချင်းပြုလုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်ဟာ အခုလကုန်ပိုင်းမှာတော့ သူ့ရဲ့မူလနေအိမ်ကိုပါ ပြန်လည်ပြောင်းရွှေ့နေထိုင်သွားဖို့ ရှိနေပါတယ်။ ​ပရော်ဖက်ဆာယူနွတ်စ် ပြန်လည်ထမ်းဆောင်မယ့် မူလတာဝန်တွေကတော့ သူကိုယ်တိုင်တည်ထောင်ထားတဲ့ Yunus Centre ရဲ့ ဥက္ကဋ္ဌတာဝန်၊ Grameen အဖွဲ့အစည်းတွေရဲ့ အကြံပေးနဲ့ ဦးဆောင်သူတာဝန်တွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ အမြတ်ထက်လူမှုအကျိုးပြုကို ရှေ့တန်းတင်တဲ့ လူမှုစီးပွားရေး (Social Business) လုပ်ငန်းတွေကို ပြန်လည်ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Read more

တောင်စောင်းထိုးကျတဲ့ယာဉ်ပေါ်မှ လူနာ ၂ ဦးကို ထိုင်းစစ်တပ်ကယ်ဆယ်

Border News Agency ​နခွန်စီသမာရတ်၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံ၊ နခွန်စီသမာရတ်ခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့နေ့လည်က ဘက်ဟိုးတင်ဆောင်လာတဲ့ ခြောက်ဘီးကားတစီး ဘရိတ်ပေါက်ပြီး တောင်စောင်းကနေထိုးကျတိမ်းမှောက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီအချိန်မှာ ခရီးစဉ်တခုကနေပြန်လာတဲ့ အမှတ် ၄၃ စစ်နယ်မြေက စစ်တပ်သင်တန်းဆရာ ၁၁ ဦးဟာ အခင်းဖြစ်နေရာကို တွေ့ရှိခဲ့တာကြောင့် ဝင်ရောက်ကူညီခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် ထုတ်ပြန်ပါတယ်။  အဲဒီ ကားအတွင်းမှာ လူ ၂ ဦးညပ်မိပြီး ဒဏ်ရာပြင်းထန်နေတာကြောင့် စစ်တပ်တပ်ဖွဲ့ဝင်တွေက ရှေးဦးသူနာပြုစုတာတွေ လုပ်ဆောင်ပေးခဲ့သလို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး ကားအတွင်းကနေအချိန်မီ ထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီ ဒဏ်ရာရရှိသူတွေကို လိုအပ်တဲ့ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လူနာတင်ကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

Read more

အာဖဂန်နယ်စပ်ကို ပါကစ္စတန်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဆယ်ကျော်သေဆုံး

Border News Agency ပါကစ္စတန်၊​ ဖေဖော်ဝါရီ ၂၂ ။ ​ပါကစ္စတန်တပ်မတော်ဟာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့အစောပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။ ​ပါကစ္စတန်ဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်အရာရှိတဦးအပါအဝင် စစ်သည်တွေသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တာဖြစ်ပြီး နယ်စပ်ရှိ TTP နဲ့ IS အဖွဲ့ခွဲစခန်း ၇ ခုကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗုံးကြဲမှုဟာဘာသာရေးစာသင်ကျောင်းနဲ့ လူနေအိမ်တွေကို ထိမှန်ခဲ့တာဖြစ်လို့ ဒါဟာအပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ​ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နန်ဂါဟာပြည်နယ်တခုတည်းမှာတင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပြီး အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ်ကမှရရှိထားတဲ့ နှစ်နိုင်ငံကြားပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကိုပါ ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်တလျှောက် စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။

Read more

ထိုင်းမှာ အိုက်စ်မူးယစ်ဆေးဝါး ၁၂ ထုပ်နဲ့အတူ အမျိုးသားတဦး ဖမ်းဆီးခံရ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၂၂။ ​ထိုင်းနိုင်ငံ၊ လွေးခရိုင်၊ ပါ့ချွန်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့မနက်က အိုက်စ် (Ice) မူးယစ်ဆေးဝါးတွေလက်ဝယ်ထားရှိတဲ့အမျိုးသားတဦးကို အထူးအဖွဲ့စုံက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ​နယ်မြေခံခြေလျင်တပ်ရင်း၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဟွေပိချိုင်ကျေးရွာရှိ ပစ်မှတ်ထားတဲ့ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့တာပါ။ အဲဒီအိမ်ရဲ့ တဲအိမ်လေးထဲမှာရှိနေတဲ့ ကူနာကွန်ဆိုသူကိုစစ်ဆေးရာမှာ သူလွယ်ထားတဲ့ အညိုရောင်လွယ်အိတ်ထဲကနေ အိုက်စ် မူးယစ်ဆေးဝါး ၁၂ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီအမျိုးသားက ဒီမူးယစ်ဆေးတွေဟာ သူ့ပစ္စည်းဖြစ်ကြောင်းဝန်ခံထားလို့ ရဲတပ်ဖွဲ့က သူ့ကို မူးယစ်ဆေးဝါးတွေနဲ့အတူသိမ်းဆည်းပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ပါ့ချွန်းမြို့နယ် ရဲစခန်းကိုပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

Read more

ထိုင်း-လာအိုနယ်စပ်မှာ မူးယစ်ဆေးသုံးစွဲသူ ၂ ဦးကိုထိုင်းအထူးတပ်ဖွဲ့ဖမ်းဆီး

​ထိုင်း-လာအိုနယ်စပ်အနီး Bueng Khong Long မြို့နယ်အတွင်းမှာ ထိုင်းအထူးခြေလျင်တပ်ရင်း ၂၁၀၈ နဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မူးယစ်ဆေးသုံးစွဲသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ ​ပူးပေါင်းအဖွဲ့ဟာ လမ်းသွားလမ်းလာတွေနဲ့ယာဉ်တွေကိုစစ်ဆေးတဲ့စစ်ဆေးရေးဂိတ်တခုကို တည်ဆောက်ခဲ့ပြီး ရှောင်တခင်စစ်ဆေးရာကနေ အမျိုးသား ၂ ဦးကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။  အဲဒီ ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၁ ရက်၊မနေ့က ထုတ်ပြန်ထားပါတယ်။  ​အဲဒီ ဖမ်းဆီးရမိသူတွေဆီကနေတဆင့် ဒေသတွင်းကမူးယစ်ဆေးဝါးကွန်ရက်တွေကိုပါ ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး နယ်စပ်ဒေသ မူးယစ်ဆေးဝါးပြဿနာကို ရေရှည်ဖြေရှင်းနိုင်ဖို့ အခုလို စစ်ဆေးဖမ်းဆီးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Read more

Cobra Gold အတွက်အမေရိကန် Apache ရဟတ်ယာဉ်နဲ့ စစ်လက်နက်တွေ လေ့ကျင့်ရေးကွင်းဆီစတင်သယ်ယူ

​ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ဖေဖော်ဝါရီလ၂၀ ရက်က ဆာတာဟစ်ရေတပ်စခန်းကို ရောက်ရှိလာတဲ့ အမေရိကန်တပ်မတော်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို လေ့ကျင့်ရေးနယ်မြေတွေဆီ စတင်သယ်ယူနေပြီ ဖြစ်ပါတယ်။ အဲဒီ စစ်လက်နက်တွေထဲမှာ နာမည်ကျော် AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ M777 အမြောက်ကြီးတွေအပြင် သံချပ်ကာလူနာတင်ယာဉ်နဲ့ ဘီးတပ်သံချပ်ကာယာဉ် အမျိုးမျိုး ပါဝင်နေတာပါ။ အဲဒီအပြင် တခြားစစ်ဘက်သုံး ထောက်ပံ့ရေးယာဉ်တွေနဲ့ဆက်သွယ်ရေးကိရိယာ အမြောက်အမြားကိုလည်း လေ့ကျင့်ရေးကွင်းတွေဆီကို ဆက်လက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ ​ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်အပြင် တခြားမဟာမိတ်နိုင်ငံတွေလည်း ပါဝင်မယ့် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကြီး ဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတင်မကဘဲ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

Read more

​တောမီးကြောင့်ကမ္ဘောဒီးယားနယ်စပ်က ရွာသားတွေ အရေးပေါ်တိမ်းရှောင်နေရ

​ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် ကမ္ဘောဒီးယားဒေသခံတွေဟာ မိူင်ပရာဝီဟီးယား (Preah Vihear) မြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီးယာယီလာရောက်ခိုလှုံနေကြရပါတယ်။ အဲဒီ ​ပလင်သမ် (Pleng Thom) နဲ့ ချအမ်း (Cha-em) လူနေရပ်ကွက်တွေမှာ တောမီးက အရှိန်အဟုန်နဲ့ ကူးစက်နေတာကြောင့် ဒေသခံတပ်ဖွဲ့တွေက အရေးပေါ် ဖယ်ရှားခိုင်းခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒီရပ်ကွက်တွေမှာ တောမီးလောင်ကျွမ်းခဲ့တာကြောင့် အခုတကြိမ်မှာတော့ ဘေးကင်းလုံခြုံဖို့အတွက် ဝတ်ဖိုးငန်ဘုန်းကြီးကျောင်းဆီကို ရွာသားတွေရောက်ရှိလာနေကြတာ ဖြစ်ပါတယ်။ ဒီအိုးအိမ်စွန့်ခွာမှုဟာ အရှိန်အဟုန်နဲ့ကူးစက်နေတဲ့ တောမီးအန္တရာယ်ကြောင့်သာဖြစ်ပြီး တခြားနယ်စပ်ပြဿနာတွေကြောင့် မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီ ရွာသားတွေဟာ အထုပ်အပိုးကိုယ်စီနဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ခိုလှုံနေကြရပြီး မီးငြှိမ်းသတ်နိုင်မယ့် အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ​အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ နယ်စပ်တလျှောက်ကို ကူးစက်နေတာကြောင့် ဒေသခံတွေရော နယ်စပ်စောင့်တပ်ဖွဲ့ဝင်တွေပါ စိုးရိမ်ပူပန်နေကြရပြီး မီးငြှိမ်းသတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်တယ်လို့သိရပါတယ်။

Read more

နယ်စပ်တောမီးအတွင်း ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးမှုအပေါ် အပြန်အလှန်စွပ်စွဲမှုရှိနေ

Border News Agency  ​မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ တာကျည်ဆာ့ (Prasat Ta Muen Thom) ရဲတိုက်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုအတွင်း ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ အဲဒီ သေဆုံးသူဟာ ကမ္ဘောဒီးယားစစ်သား "ရီယမ် ခိန်" ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တောမီးအတွင်းပိတ်မိကာ သေဆုံးခဲ့တာလို့ စစ်ဘက်သတင်းတွေအရ သိရပါတယ်။ အဲ​ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းဘက်ကတော့ စစ်သားဟာရှေ့တန်းတပ်ဖွဲ့တွေကို နှောင့်ယှက်ဖို့မီးရှို့ရာကနေ လေပြန်တိုက်လို့ မီးဝိုင်းမိတာလို့ ဆိုပါတယ်။ ကမ္ဘောဒီးယားဘက်က လုပ်ဖော်ကိုင်ဖက်တွေကတော့ ထိုင်းဘက်ကမီးစတင်ရှို့ခဲ့တာဖြစ်ပြီး တောမီးငြှိမ်းသတ်ရင်း သေဆုံးခဲ့ရတာလို့ တန်ပြန်စွပ်စွဲထားပါတယ်။ အခုလို အမြင်မတူညီမှုတွေရှိနေပေမယ့် လက်ရှိမှာတော့ကျန်ရစ်သူမိသားစုအတွက် ကမ္ဘောဒီးယားစစ်သားတွေက အလှူငွေတွေဝိုင်းဝန်းကောက်ခံပေးနေ ကြပါတယ်။ အဲဒီ​နယ်စပ်တင်းမာမှုနဲ့ စွပ်စွဲချက်တွေရှိနေပေမယ့် သေဆုံးသူရဲ့ မိသားစုဝင်တွေအတွက် စာနာနားလည်တဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူမှုကွန်ရက်ကတဆင့် ရန်ပုံငွေတွေစုဆောင်းပေးနေတာပါ။ အလှူငွေထည့်ဝင်လိုသူတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့ QR Code ကတဆင့်ဖြစ်စေ ဖုန်းနံပါတ် ၀၈၈ -၂၄၇၉၆၈၇ သို့ တိုက်ရိုက်ဆက်သွယ်ပြီးဖြစ်စေ လှူဒါန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ​နယ်စပ်ဒေသမှာ အခုလိုစိတ်မကောင်းစရာ ဖြစ်ရပ်တွေထပ်မံမဖြစ်ပွားစေဖို့နဲ့ နှစ်နိုင်ငံကြားအပြန်အလှန် နားလည်မှုတွေ တိုးတက်လာဖို့ကိုလည်း ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ အဲဒီ တောမီးလောင်ကျွမ်းမှုနဲ့ သေဆုံးရတဲ့ဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူတွေအကြား စုံစမ်းစစ်ဆေးမှုတွေ ရှိလာနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Read more
Page 19 of 33 1 18 19 20 33

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here