ထိုင်း-လာအိုနယ်စပ်အနီး Bueng Khong Long မြို့နယ်အတွင်းမှာ ထိုင်းအထူးခြေလျင်တပ်ရင်း ၂၁၀၈ နဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မူးယစ်ဆေးသုံးစွဲသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီ ပူးပေါင်းအဖွဲ့ဟာ လမ်းသွားလမ်းလာတွေနဲ့ယာဉ်တွေကိုစစ်ဆေးတဲ့စစ်ဆေးရေးဂိတ်တခုကို တည်ဆောက်ခဲ့ပြီး ရှောင်တခင်စစ်ဆေးရာကနေ အမျိုးသား ၂ ဦးကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။
အဲဒီ ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၁ ရက်၊မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ ဖမ်းဆီးရမိသူတွေဆီကနေတဆင့် ဒေသတွင်းကမူးယစ်ဆေးဝါးကွန်ရက်တွေကိုပါ ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး နယ်စပ်ဒေသ မူးယစ်ဆေးဝါးပြဿနာကို ရေရှည်ဖြေရှင်းနိုင်ဖို့ အခုလို စစ်ဆေးဖမ်းဆီးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။













