Border News Agency
လန်ဒန်၊စက်တင်ဘာ ၂၃။
အသက်ရှစ်ဆယ်တနှစ်အရွယ် မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်၊ စကားပြောခွင့်ပေးဖို့နဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ သားဖြစ်သူကင်မ်အဲရစ် (ခေါ်)ကိုထိန်လင်းက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီ လန်ဒန်မြို့ရှိမြန်မာသံရုံးမှတဆင့် စာပေးပို့တောင်းဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့တွေ့ဆုံမှုကြောင့် မိခင်ဖြစ်သူအသက်ရှင်ကျန်းမာစွာရှိသေးကြောင်းသိရပေမယ့် လက်ရှိအချိန်အထိအဆက်အသွယ်မရသေးဘဲ တွေ့ဆုံခွင့်လုံးဝမရရှိသေးဘူးလို့ ကိုထိန်လင်းကပြောပါတယ်။
မိခင်ဖြစ်သူရဲ့ လွတ်မြောက်ရေးအတွက် ပထမဆုံးတောင်းဆိုခဲ့စဉ်ကကလေးဘဝမျှသာရှိသေးပြီး ဆယ်စုနှစ်များစွာကြာမြင့်တဲ့တိုင် ခုထက်ထိထပ်မံတောင်းဆိုနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်ရှစ်ဆယ်တနှစ်ရှိပြီဖြစ်ကာ ဘဝရဲ့နှစ်ပေါင်းများစွာကို မတရားဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ဆုံးရှုံးခဲ့ရပြီးပြီလို့ ကိုထိန်လင်းက ထောက်ပြထားပါတယ်။
အဲဒါကြောင့် မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်၊ စကားပြောခွင့်ပေးဖို့နဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် “FREE HER”၊ “FreeDASSK” အစရှိတဲ့ လှုပ်ရှားမှုတွေနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် အလေးအနက်ထပ်မံတောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဖမ်းဆီးခဲ့တာဖြစ်ပြီး မတရားစွပ်စွဲချက် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၅ နှစ်အထိချမှတ်ခဲ့တာဖြစ်ပါတယ်။







